၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းထားသည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလအတွင်း ကျင်းပရန် ဗီယက်နမ်အိုလံပစ်ကော်မတီ စီစဉ်နေပြီး လာမည့်ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်ကြေညာမည်

၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းထားသည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလအတွင်း ကျင်းပရန် ဗီယက်နမ်အိုလံပစ်ကော်မတီ စီစဉ်နေပြီး လာမည့်ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်ကြေညာမည်
Photo: 31st SEA Games Facebook
Photo: 31st SEA Games Facebook
Published 4 October 2021

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းထားသည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်နှစ် မေလအတွင်း ကျင်းပရန် စီစဉ်နေပြီး လာမည့်ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်အိုလံပစ်ကော်မတီသည်  ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ဗီယက်နမ်အိုလံပစ်ကော်မတီသည် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၄၀ မှ ပြိုင်ပွဲအမျိုးအစား ၅၀၀ ကျော် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို တရားဝင်ပေးပို့ရခြင်းမရှိသေးကြောင်း သိရသည်။

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေသတွင်းနိုင်ငံများသည်  ဗီယက်နမ်အိုလံပစ်ကော်မတီက ပြိုင်ပွဲကျင်းပမည့်ရက် အတည်ပြုပြီးမှသာ ယှဉ်ပြိုင်မည့် အားကစားနည်းများ၊ ပြိုင်ပွဲအမျိုးအစားများကို အတည်ပြုပေးပို့ရမည်ဖြစ်သည်။

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် မြားပစ်၊ ပြေးခုန်ပစ်၊ ဘောလုံး/ဖူဆယ်၊ လက်ဝှေ့၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ အလေးမ၊ သေနတ်ပစ်၊ လှေလှော်၊ ပီတန်း၊ ဂေါ့ဖ်၊ စစ်တုရင်၊ ကာယဗလနှင့် ဝူရှူးစသည့် အားကစားနည်း ၁၈ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

မြန်မာအားကစားအဖွဲ့များသည် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မတ်လကတည်းက စခန်းဝင်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အားကစားနည်း ၁၈ မျိုး အနက် အများစုမှာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

မြန်မာအားကစားအဖွဲ့များသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး နေပြည်တော်တွင် အင်အားအများဆုံးဖြင့် လေ့ကျင့်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့များအနေဖြင့် လာမည့်နှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာအားကစားပြိုင်ပွဲ ငါးခုနှင့်အထက်ရှိနေပြီး ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတစ်ခုတည်းအတွက်သာ ယှဉ်ပြိုင်မည့် အားကစားနည်းများ ရွေးချယ်ထားခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ကမ္ဘောဒီးယား၏ နိုင်ငံရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရသည့် ၁၉၆၃ ခုနှစ်မှလွဲ၍ ကျန်နှစ်များတွင် ပုံမှန်အတိုင်းကျင်းပနိုင်ခဲ့ပြီး ဗီယက်နမ်ဆီးဂိမ်းစ်မှာ ပထမဆုံးအကြိမ် ရွှေ့ဆိုင်းရသည့် ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

Most Read

Most Recent