ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးနည်းပြထုတ်ပယ်မှုအဖြစ် ဝက်ဖို့ဒ်အသင်းနည်းပြ ဆစ်စကိုမူနော့ဇ် ရာထူးမှထုတ်ပယ်ခံရ

ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးနည်းပြထုတ်ပယ်မှုအဖြစ် ဝက်ဖို့ဒ်အသင်းနည်းပြ ဆစ်စကိုမူနော့ဇ် ရာထူးမှထုတ်ပယ်ခံရ
Photo: Getty Images
Photo: Getty Images
Published 4 October 2021

ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းနည်းပြ ဆစ်စကိုမူနော့ဇ်သည် ပြီးခဲ့သည့် အောက်တိုဘာ (၃)ရက်နေ့က ရာထူးမှထုတ်ပယ်ခံခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် မူနော့ဇ်၏ ဝက်ဖို့ဒ်အသင်းသည် ယခုရာသီ (၄)ပွဲမြောက်ရှုံးနိမ့်မှုအဖြစ် လိဒ်စ်အသင်းအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများက ၎င်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

စပိန်လူမျိုးနည်းပြတစ်ဦးဖြစ်သူ မူနော့ဇ်သည် ၂၀၂၀ ဒီဇင်ဘာလတွင် ဝက်ဖို့ဒ်အသင်းကို စတင်တာဝန်ယူခဲ့ပြီး သူ၏လက်ထက်တွင် အသင်းကို ပြိုင်ပွဲစုံ(၃၆)ပွဲ ကိုင်တွယ်ရာ၌ (၂၁)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၁၁)ပွဲရှုံးရ လဒ်ရရှိခဲ့သည်။

မူနော့ဇ်သည် ပြီးခဲ့သည့်ရာသီက ဝက်ဖို့ဒ်အသင်းအား လိဂ်ချန်ပီယံရှစ်တွင် ဒုတိယနေရာရရှိစေခဲ့ပြီး ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဝက်ဖို့ဒ်အသင်းမှာ နိုင်ပွဲ (၂)ပွဲ၊ သရေ (၁)ပွဲဖြင့် ရမှတ် (၇)မှတ်ရရှိထားသော်လည်း အသင်းပိုင်ရှင်အီတလီ သူဌေးပေါ့ဇိုမိသားစုက ၎င်းကို လမ်းခွဲခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ၌ ဝက်ဖို့ဒ်နည်းပြရာထူးအတွက် ရေပန်းစားသူများစာရင်းတွင် လက်စတာနည်းပြဟောင်း ရာနီရေးရီ၊ ရိုးမားနည်းပြဟောင်းဖွန်ဆီကာ၊ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းနှင့် ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်အစရှိသူတို့ ပါဝင်နေသည်။

Most Read

Most Recent