အင်္ဂလန်အသင်းတွင် နောက်ခံလူတိုမိုရီနှင့် တိုက်စစ်မှူး ဝက်ကင်စ်တို့ ပြန်လည်ပါဝင်လာပြီး ဂိုးသမား ရမ်းစ်ဒေးလ် ပထမဆုံးအကြိမ် ရွေးချယ်ခံရ

အင်္ဂလန်အသင်းတွင် နောက်ခံလူတိုမိုရီနှင့် တိုက်စစ်မှူး ဝက်ကင်စ်တို့ ပြန်လည်ပါဝင်လာပြီး ဂိုးသမား ရမ်းစ်ဒေးလ် ပထမဆုံးအကြိမ် ရွေးချယ်ခံရ
Photo: Getty Images
Photo: Getty Images
Published 3 October 2021

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် အောက်တိုဘာလအတွင်း ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ရာ နောက်ခံလူ တိုမိုရီနှင့် တိုက်စစ်မှူး ဝက်ကင်စ်တို့ ပြန်လည် ပါဝင်လာပြီး ဂိုးသမား ရမ်းစ်ဒေးလ်မှာလည်း ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (I) အဖြစ် အောက်တိုဘာ ၉ ရက်တွင် အန်ဒိုရာနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၂ ရက်တွင် ဟန်ဂေရီနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်း ပွဲစဉ်များအတွက် ကစားသမား ၂၃ ဦးစာရင်း ရွေးချယ်ထားသည်။ 

ယခုလူစာရင်းတွင် ၂၀၁၉ နိုဝင်ဘာနောက်ပိုင်း လက်ရွေးစင်အသင်းနှင့် ဝေးကွာနေသည့် အေစီမီလန် အသင်းနောက်ခံလူ တိုမိုရီနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ကနဦးစာရင်းတွင် နောက်ဆုံး အကြိမ် ပါဝင်ခွင့်ရခဲ့သည့် ဗီလာအသင်းတိုက် စစ်မှူး ဝက်ကင်စ်တို့ ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ 

ထို့ပြင် အာဆင်နယ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေပြီး လက်စွမ်းပြကစားနေသည့် ဂိုးသမား ရမ်းစ်ဒေးလ်မှာလည်း စီနီယာလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်။ ခြေဖဝါး ဒဏ်ရာသက်သာလာသည့် မန်စီးတီးအသင်း  လူငယ်ကြယ်ပွင့် ဖိုဒန် ပြန်လည်ရွေးချယ်ခံရသော်လည်း မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွိုင်းရားနှင့် လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်တို့မှာမူ ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။ 

ထို့ပြင် ဆောက်ဂိတ်က မန်ချက်စတာယူနိုက်တက်အသင်းတွင် ပုံမှန် ကစားခွင့်မရသည့် ဆန်ချိုမှာ လူစာရင်း၌ ရွေးချယ်ခံထားရသော်လည်း လုံလောက်သည့် စွမ်းဆောင်ရည်မရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

Most Read

Most Recent