ပြင်သစ်ပရိသတ်များ၏ အကြမ်းဖက်အားပေးမှု ဆက်လက်ဖြစ်ပွားနေပြီး မာဆေးလ်-ဂါလာတာစာရေးပွဲတွင် ရှစ်မိနစ်ခန့် ခေတ္တရပ်နားခဲ့ရ

ပြင်သစ်ပရိသတ်များ၏ အကြမ်းဖက်အားပေးမှု ဆက်လက်ဖြစ်ပွားနေပြီး မာဆေးလ်-ဂါလာတာစာရေးပွဲတွင် ရှစ်မိနစ်ခန့် ခေတ္တရပ်နားခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 2 October 2021

 

ယခုရာသီတွင် ပြင်သစ်နိုင်ငံရှိ ပရိသတ်များ၏ အကြမ်းဖက်အားပေးမှုများ ဆက်လက်ဖြစ်ပွားနေပြီး ကြာသပတေးနေ့က ကစားခဲ့သည့် မာဆေးလ်-ဂါလာတာစာရေး ယူရိုပါလိဂ်ပွဲစဉ်၌ နှစ်ဖက်အသင်းပရိသတ်များက ကွင်းအတွင်း သို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရှစ်မိနစ်ခန့် ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၂ အဖြစ် မာဆေးလ်အသင်း၏ Venue Orange Velodrome ကွင်း၌ ယှဉ်ပြိုင်ကစားသည့် ယင်းပွဲတွင် ပထမပိုင်း ၃၈ မိနစ်၌ နှစ်ဖက်အသင်း ပရိသတ်များက ကွင်းအတွင်းသို့ မီးကျည်များ၊ မီးခိုးဗုံးများ၊ ဗြောက်အိုးများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ပိုလန်ဒိုင်လူကြီး ရက်ကောစကီးက ပွဲအား ရပ်တန့်စေခဲ့သည်။ 

ထို့နောက် ဂါ လာတာစာရေးအသင်းနည်းပြ ဖာတစ်တာရင်၊ အသင်းခေါင်းဆောင် မူဆလီရာနှင့် မာဆေးလ် အသင်းခေါင်းဆောင် ပါယက်တို့က အလွန် အကြူးအားပေးမှုများ ရပ်တန့်ရန် ပရိသတ်များအား ဖျောင်းဖျခဲ့ရပြီး ရှစ်မိနစ်ခန့်အကြာ တွင် ပွဲကို ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ 

မိနစ် ၉၀ ပြည့်ချိန်အထိ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်သောကြောင့် ဂိုးမရှိသရေရလဒ် ဖြင့် ပြီးဆုံးခဲ့ပြီး ပွဲစဉ် ၂ အပြီး အုပ်စု (E) တွင် ဂါလာတာစာရေးအသင်းက လေးမှတ် ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကာ လာဇီယို အသင်းက သုံးမှတ်၊ မာဆေးလ်အသင်းက နှစ်မှတ်၊ လိုကိုမိုးတစ်မော်စကိုအသင်းက တစ်မှတ်ဖြင့် ရပ်တည်လျက်ရှိသည်။

ပြင်သစ်ပရိသတ်များ၏ အကြမ်းဖက် အားပေးမှုကြောင့် ယခုရာသီမှာပင် ရပ်နားရသည့်ပွဲအရေအတွက်မှာ သုံး၊လေးပွဲအထိ ရှိလာပြီဖြစ်ပြီး အထူးသဖြင့် မာဆေးလ်အသင်း၏ ပွဲစဉ်များတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ သြဂုတ်လအတွင်း လီဂူး-၁ ပြိုင်ပွဲ ပွဲစဉ် ၃ အဖြစ် နိစ်အသင်းနှင့် မာဆေးလ် အသင်းတို့ပွဲတွင် အိမ်ရှင်နိစ်အသင်း ပရိသတ်များက မာဆေးလ်အသင်းခေါင်းဆောင် ပါယက်အား ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ၎င်းက ပွဲကြည့်စင်ဘက်သို့ ပြန်လည်ပစ် ပေါက်ရာမှ ပရိသတ်များ ကွင်းအတွင်းသို့ ဝင်ရောက်လာသောကြောင့် ပွဲရပ်နားခဲ့ရသည်။ 

ယင်းဖြစ်ရပ်ကြောင့် နိစ်အသင်း ရမှတ်မှတ်လျှော့ပြစ်ဒဏ်နှင့် အိမ်ကွင်းပိတ်ပြစ်ဒဏ်များ ချမှတ်ခံရပြီး ရွှေ့ဆိုင်းခဲ့ရသည့်ပွဲကို အောက်တိုဘာ ၂၇ က်တွင် ပြန်လည်ကစား ရမည်ဖြစ်သည်။ ထို့ပြင် မောင့်ပယ်လီယာနှင့် မာဆေးလ်အသင်းတို့ကစားသည့် ပွဲစဉ် ၁ တွင်လည်းကောင်း၊ အန်ဂါစ်နှင့် မာဆေးလ်အသင်းတို့ကစားသည့် ပွဲစဉ် ၇ တွင်လည်းကောင်း၊ လန်းစ်နှင့် လိုင်လီအသင်းတို့ကစား သည့် ပွဲစဉ် ၆ တွင်လည်းကောင်း ပရိသတ်များက အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

Most Read

Most Recent