လှိုင်သာယာမြို့နယ်တွင် လုယက်သူနှစ်ဦးအား ဓားဖြင့် ပြန်လည်ခုခံခဲ့သည့် FAME ဆေးဝါး ထုတ်လုပ်ရေးမှ ဝန်ထမ်း ပြန်လွတ်

လှိုင်သာယာမြို့နယ်တွင် လုယက်သူနှစ်ဦးအား ဓားဖြင့် ပြန်လည်ခုခံခဲ့သည့် FAME ဆေးဝါး ထုတ်လုပ်ရေးမှ ဝန်ထမ်း ပြန်လွတ်
Published 1 October 2021

လှိုင်သာယာမြို့နယ်တွင် လုယက်သူနှစ်ဦးအား ဓားဖြင့် ပြန်လည်ခုခံခဲ့သည့် FAME ဆေးဝါးထုတ်လုပ်ရေးမှ ဝန်ထမ်းပြန်လွတ်လာပြီ ဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။

" မြောက်ပိုင်းခရိုင်ကလွတ်မိန့် ထောင်ကို ပို့လိုက်ပြီ။ အခုစောင့်နေကြတယ်။ ဘယ်အချိန်ပြန်လွတ်မယ် ဆိုတာတော့ မသိသေးဘူး။ ဒီနေ့တော့ ကျိန်းသေတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

ပြန်လွတ်လာသည့် FAME ဆေးဝါးထုတ်လုပ်ရေးဝန်ထမ်းမှာ မောင်မျိုးသက်လွင်ဆိုသူဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက် မောင်ထွန်းလမ်းဘေးတွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲအား အမျိုးသားနှစ်ဦးမှ လုယက်ရာမှ မောင်မျိုးသက်လွင်က ပြန်လည်ခုခံခဲ့သည်။ ယင်းသို့ပြန်လည်ခုခံရာ လုယက်သူနှစ်ဦးမှာ ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်မျိုးသက်လွင်အား မြောက်ပိုင်းခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှတ် ၈၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။ ဖမ်းဆီးစစ်ဆေးခံရပြီး တစ်နှစ်နှင့် ရှစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

" သူက နစကရဲ့ အမိန့်နဲ့လည်း အကျုံးဝင်သလို အမှုကနောက်ဆုံးစီရင်ချက်နဲ့လည်း အကျုံးဝင်တယ်။ နစကရဲ့ ဒုတိယထုတ်ပြန်ချက်ဖြစ်တဲ့ နစ်နာသူတွေက စက်တင်ဘာ ၃၀ ရက်အထိ နစ်နာကြောင်း တင်သွင်းရတယ်။ နစ်နာတဲ့သူဘက်ကလည်း မတင်ဘူး။ အမှုအရလည်း လွတ်မိန့်ချတယ်။ အဲ့ဒီနှစ်ခုလုံးနဲ့လည်း ကိုက်ညီတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

ဖမ်းဆီးခံထားရသူမှာ FAME ဆေးဝါးထုတ်လုပ်ရေးမှ ဝန်ထမ်းဖြစ်ပြီး လစာအပြည့်၊ ရပိုင်ခွင့်နှင့် အမှုပြီးဆုံးသည်အထိ ဆေးခွင့်ပေးထားကြောင်း FAME ဆေးဝါးထုတ်လုပ်ရေး၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်က ၎င်း၏ Facebook တွင် ဖော်ပြထားသည်။

ဒေါက်တာခင်မောင်လွင်က “မောင်မျိုးသက်လွင်ဆီကို အဖွဲ့မှတာဝန်ရှိသူတွေက နေ့တိုင်း သွားရောက်တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေးတာ၊ လိုအပ်တာတွေအားလုံးကို ကူညီဖြည့်ဆည်းပေးလျက် ရှိနေပါတယ်။ ...။ သူစားဖို့ မနက်စာ၊ နေ့လယ်စာ၊ ညနေစာ တစ်နေ့ သုံးကြိမ်အတွက် ရဲစခန်းရှေ့ကဆိုင်ကို ကျသင့်ငွေပေးပြီး စီစဉ်ပေးထားပါတယ်..  အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရဲစခန်းတာဝန်ခံရဲ့  ခွင့်ပြုချက်နဲ့ စီစဉ်ပေးထားပါတယ်...။ ဒဏ်ရာတွေကိုတော့ လှိုင်သာယာဆေးရုံက တာဝန်ခံဆရာဝန်က ကြည့်ရှုပေးတဲ့အပြင် မိမိစက်ရုံရဲ့ ဆရာဝန်ကိုလည်း တာဝန်ပေးထားပါတယ်.. .။ အခုအချုပ်ကျနေတဲ့ဝန်ထမ်း မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက် ရပိုင်ခွင့်ကို အပြည့်အဝပေးထားတဲ့အပြင် ဒဏ်ရာတွေရရှိနေတာကြောင့် ဆေးခွင့် (အမှုပြီးဆုံးတဲ့အထိ) ပေးထားပါတယ်...။ သက်ဆိုင်ရာရဲ စခန်းကိုလည်း ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်” ဟု သူ၏ Facebook တွင် ရေးသားထားသည်။

ကိုမျိုးသက်လွင်မှာ FAME ဆေးဝါး စက်ရုံတွင် ၂၀၁၄ ခုနှစ် မေ ၈ ရက်မှ စတင်၍ ဥယျာဉ်မှူးတာဝန်ဖြင့် ဝန်ထမ်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး လုပ်သက်ခြောက်နှစ်အတွင်း တစ်ခါမှ ခိုက်ရန်ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း၊ အများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်ကြောင်း ဒေါက်တာခင်မောင်လွင်က ရေးသားထားသည်။

မကွေးတိုင်းဒေသကြီး ဇာတိဖြစ်သော ကိုမျိုးသက်လွင်သည် မိဘနှစ်ပါးကို ထောက်ပံ့လုပ်ကျွေးနေသူဖြစ်ကာ မိခင်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ကွယ်လွန်ခဲ့ပြီး ဖခင်မှာ လည်းအသက်အရွယ်ကြီးရင့်ပြီး နာမကျန်း လူမမာဖြစ်နေသည့်အတွက် ရန်ကုန်မြို့သို့ လာရန် အဆင်မပြေကြောင်း သိရသည်။

Most Read

Most Recent