ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ရပ်ထားသည့် အမှိုက်သိမ်းယာဉ်ကို ကိုယ်ပိုင်ယာဉ်များက ဝင်တိုက်မှု တစ်ညတည်း နှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ယာဉ်တိုက်မှုများမှာ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူမှုကယ်ဆယ်ရေး အဖွဲ့များကလည်း ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
ပထမအကြိမ် ဖြစ်ပွားသည့် ယာဉ်တိုက်မှုမှာ ကမ္ဘာအေးဘုရားလမ်းနှင့် ဂန္ဓမာလမ်းထောင့်တွင် ရပ်ထားသည့်အမှိုက်သယ်ယာဉ်ကို ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့ကြယ်ဖြူ လူမှုကူညီ ကယ်ဆယ်ရေး ပရဟိတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၃၀ ရက် ည ၉ နာရီခွဲ ကျော်ခန့်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးမှာ ကမ္ဘာအေးဘုရားလမ်းအတိုင်း ကမ္ဘာအေး ဘုရားဘက်မှ နဝဒေးရုပ်ရှင်ရုံဘက်သို့ မောင်းနှင်လာစဉ် ကမ္ဘာအေးဘုရားလမ်းနှင့် ဂန္ဓာမာလမ်းထိပ်အရောက်တွင် ရပ်ထား သည့်အမှိုက်ယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ် ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ သည့် မြန်မာ့ကြယ်ဖြူ လူမှု ကူညီကယ်ဆယ် ရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိခဲ့သည့် ကိုယ်ပိုင်ယာဉ် မောင်းအား ယာဉ်အတွင်းမှ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပြီး ရရှိခဲ့သည့်ဒဏ်ရာမှာ ပြင်းထန်နိုင်ကြောင်း သိရသည်။
ထို့ပြင် ယာဉ်တိုက်မှုကြောင့် စည်ပင်ဝန်ထမ်းတစ်ဦးမှာ မှန်ထိသည့် ဒဏ်ရာရရှိသဖြင့် မြန်မာ့ကြယ်ဖြူလူမှုကူညီ ကယ်ဆယ် ရေးပရဟိတအဖွဲ့မှ ကူညီကယ်ဆယ် ကုသ ပေးခဲ့ရကြောင်း သိရသည်။
ဒုတိယအကြိမ် ယာဉ်တိုက်မှုမှာ စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီခန့်တွင် ကမ္ဘာအေးဘုရားလမ်း မြကျွန်းသာပန်းခြံရှေ့လမ်းတွင် ရပ်ထားသည့် အမှိုက်သိမ်းယာဉ်အား ပါဂျဲရိုးအမျိုးအစားယာဉ်မှ အနောက်မှ ဝင် တိုက်မိပြီး ယာဉ်ရှေ့ခန်းရှိ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။















