စက်တင်ဘာ ၂၈ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၈၇၀၂ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅၄၂ ဦး တွေ့ရှိပြီး ၅၁ ဦး ထပ်မံ သေဆုံးကြောင်း စက်တင်ဘာ ၂၉ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၉၉၅၄၇ ခု အား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၄၆၂၆၀၈ ဦးရှိကာ သေဆုံးသူ ၅၁ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၇၆၈၂ ဦးရှိကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၂၉ ရက်တွင် ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၅၅၁ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၁၆၉၂၇ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှု အခြေအနေ၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၊ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၇၀၀)၊ လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်အထိ COVID-19 ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၇၉ သန်းကျော်၊ တစ်ကြိမ်ထိုးနှံပြီးသူ ၄ သန်းကျော်၊ ကာကွယ်ဆေး ထိုးနှံပြီးသည့် အကြိမ်ရေပေါင်း ၁၁ ဒသမ ၅၉ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။















