မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာရှိ သမိုင်းဝင် ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့် လှေဦးတိုက်ပွဲတော်နှင့် ရေစာ-ဝဲစာကျွေးပွဲကို ယခု နှစ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ရှေးမြန်မာမင်း အဆက်ဆက်မှ တည်ထား ကိုးကွယ်ခဲ့သော ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရား နှစ်ဆူမှ ရွှေကြက်ကျ လှေဦးတိုက်ပွဲနှင့် ရေစာ-ဝဲစာကျွေးပွဲကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၇ ရက်၊ ၈ ရက်နေ့များတွင် ရွှေကြက်ကျဘုရားအခြေ ဧရာဝတီမြစ်ပြင်တွင် ကျင်းပပြုလုပ်ကြောင်း၊ ယခုနှစ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် လှေဦးတိုက်ပွဲကို မကျင်းပတော့ဘဲ တော်သလင်းလပြည့်ကျော် ၈ ရက်တွင် မြစ်အတွင်း သွားလာနေသော ရေယာဉ်များ အန္တရာယ်ကင်းစင်စေရေး ရေစာ၊ ဝဲစာကျွေးပွဲကိုသာ ပြုလုပ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြသွင်က ပြောကြားသည်။
“နှစ်စဉ် ရိုးရာမပျက်ပေါ့။ ရေစာ၊ ဝဲစာ ကျွေးပွဲကို ခါတိုင်းနှစ်တွေကလည်း ကိုးသင်းကျေးရွာက ဦးစီးပြီးတော့ ပြုလုပ်တယ်။ ဒီနှစ်လည်း ဂေါပကအဖွဲ့ကနေ ကန်တော့ပွဲတွေ လုပ်ပေးပြီး ကိုးသင်းကျေးရွာကလေ ဒီနေ့ မနက်ခင်းမှာပဲ ရေစာ၊ ဝဲစာကျွေးပွဲ လုပ်တယ်။ ပြီးတော့ ရွာသူရွာသားတွေကလည်း ဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီးကပ်လှူပြီး ဆုတောင်းပွဲလေးတွေ လုပ်ကြတယ်”ဟု ၎င်းက ဆိုသည်။
ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဘုရားသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန်အလို့ငှာ လည်းကောင်း၊ ၀ါဆို၊ ၀ါကပ် ပြုတော်မူကြသော သံဃာတော် အရှင်သူမြတ်များ ဆွမ်း၊ ဟင်း ခက်ခဲမှု မရှိစေရန်၊ ၀ါတွင်းသတင်းစဉ် ဆွမ်းချပွဲအဖြစ် တော်သလင်းလပြည့်ကျော် ၈ ရက် နံနက်တွင် သံဃာတော်များအား ဆွမ်း၊ ဟင်းမျိုးစုံ၊ သစ်သီးစုံဖြင့် စုပေါင်း လောင်းလှူကြပြီး လှူဖွယ်ဝတ္တုအစုစုတို့ကို ရေစက်သွန်းချ အမျှဝေ၍ တိုင်းပြည်နိုင်ငံ အေးချမ်းသာယာ ဝပြောစေပြီး ရွာသူရွာသားအပေါင်းတို့ စည်းလုံး၊ ပျော်ရွှင်ညီညွတ်ကြစေရေးကို ဦးတည်၍ ရွှေကြက်ယက် တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ငှက်လှေများဖြင့် လှေလှော်ပြိုင်ပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။















