ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တွင်းခရီးစဉ်အဖြစ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်တိုက် သွားရောက်ပြီး တပ်နယ်များမှ အရာရှိ၊ စစ်သည်များနှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များအားတွေ့ဆုံမှုများ ပြုလုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တွင်းခရီးစဉ်အဖြစ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်တိုက် သွားရောက်ပြီး တပ်နယ်များမှ အရာရှိ၊ စစ်သည်များနှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များအားတွေ့ဆုံမှုများ ပြုလုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်တာဝန်ရှိသူများအား တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်တာဝန်ရှိသူများအား တွေ့ဆုံစဉ်
Published 20 September 2021

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်တိုက် သွားရောက်ပြီး တပ်နယ်များမှ အရာရှိ၊ စစ်သည်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၃ ရက်မှစတင်၍ ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်မှု ပြုလုပ်ခြင်း၊ ပြင်ဦးလွင်တပ်နယ်မှ  အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို တွေ့ဆုံခြင်း၊ ပြင်ဦးလွင်မြို့၌ မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ်ရှိ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများကို တွေ့ဆုံခြင်း၊ ပြင်ဦးလွင်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ပြင်ဦးလွင်တွင် စက်တင်ဘာ ၁၇ ရက်အထိ နေထိုင်ခဲ့သည်။

ထို့နောက် ပြင်ဦးလွင်ခရီးစဉ်အပြီး ကချင်ပြည်နယ်သို့ ဆက်လက် သွားရောက်ခဲ့ကာ စက်တင်ဘာ ၁၈ ရက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမတွင် တွေ့ဆုံခဲ့သည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၈ ရက်၌ပင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင်  ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ရေး လုပ်ငန်းများကို ဆွေးနွေးမှာကြားမှု ပြုလုပ်ခဲ့သည်။

ယင်းနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့  ဆက်လက် သွားရောက်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် လားရှိုးနယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား လည်းကောင်း၊ လားရှိုးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုးတပ်နယ်များတွင် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် တပ်မတော်အနေဖြင့် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုအတွင်း ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုမှအစပြု၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့ရမှုများ၊ တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ စသည်တို့ကို ထည့်သွင်း ပြောဆိုသည်ကို တွေ့ရသည်။

ထို့ပြင် လားရှိုးတပ်နယ်တွင် တွေ့ဆုံမှု၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့်  ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သည့် စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မှ မပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူများ ဖြစ်သည့်အတွက် မိမိတို့ ထမ်းဆောင်နေသည့် တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန်ထမ်းဆောင်ရန် နှင့် တပ်မတော်သားတစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံရမည် ဖြစ်ကြောင်း၊ နေ့စဉ် လုပ်ဆောင်နေရသည့် လုပ်ငန်းတာဝန်များသည် တစ်ဦးချင်း၏ ပင်ကိုယ်အရည်အသွေးများကို မြှင့်တင်ပေးနေခြင်း ဖြစ်သဖြင့် မိမိတို့၏ ထိုးထွင်းကြံဆမှုဖြင့် ကြုံတွေ့လာရသည့် အခက်အခဲများကိုဆန်းစစ်ပြီး တွေးခေါ်မြော်မြင်မှုဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ အသုံးချနိုင်ရေးအတွက် အသိပညာနှင့် ပြည်စုံရန် လိုအပ်သည့်အတွက် မိမိတို့၏ အားလပ်ချိန်များတွင် အကျိုးရှိစေမည့် စာအုပ်စာပေများကို ဖတ်မှတ်ကြရန် လိုကြောင်း၊ ထို့ပြင် လုံခြုံရေးသတိ အမြဲထားရှိပြီး ကာကွယ်ရေးအမြင် ရှိနေရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်တွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲများ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent