အိန္ဒိယဒရာမာဇာတ်ကား Thalaivii ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင်ပြသမှုမှ ပွဲဦးထွက်ဝင်ငွေ ဒေါ်လာခြောက်သိန်းကျော် ရရှိ

အိန္ဒိယဒရာမာဇာတ်ကား Thalaivii ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင်ပြသမှုမှ ပွဲဦးထွက်ဝင်ငွေ ဒေါ်လာခြောက်သိန်းကျော် ရရှိ
Published 18 September 2021

အိန္ဒိယဒရာမာဇာတ်ကား Thalaivii ကို စက်တင်ဘာ ၁၀ ရက်မှစ၍ နိုင်ငံတကာ ရုပ်ရှင်ရုံများတွင် ပြသမှုမှ ပွဲဦးထွက်ဝင်ငွေ ဒေါ်လာခြောက်သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးခေါင်းဆောင်ဟု အဓိပ္ပာယ်ရသည့် Thalaivii ဇာတ်ကားသည် အိန္ဒိယအမျိုးသမီးသရုပ်ဆောင်၊ နိုင်ငံရေးသမား J.Jayalalithaa ၏ဘဝအကြောင်းကို အခြေခံရိုက်ကူးထားသော အတ္ထုပ္ပတ္တိဒရာမာ ဇာတ်ကားဖြစ်သည်။

ယင်းဇာတ်ကားကို ဒါရိုက်တာ A.L Vijay ရိုက်ကူးထားပြီး Vibri Motion Pictures ၊ Karma Media And Entertainment တို့က ထုတ်လုပ်ဖြန့်ချိပေးထားသည်။

Thalaivii ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည့်အကြောင်းကို Jayalalithaa ၏နှစ်ပတ်လည်မွေးနေ့ဖြစ်သော ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ရိုက်ကူးမှုကို ၂၀၁၉၊ နိုဝင်ဘာ ၁၀ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လာ ၁၃ သန်းကျော် အကုန်ကျခံ ရိုက်ကူးထားသည့် Thalaivii ဇာတ်ကားသည် စတင်ထွက်ရှိသော သီတင်းတစ်ပတ်အတွင်း boxoffice ၌ ပွဲဦးထွက် ဝင်ငွေဒေါ်လာ ၆၄၆,၀၀၀ ကျော် ရရှိခဲ့ခြင်းကြောင့် အဖွင့်လှခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

J.Jayalalithaa သည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် တမီးလ်ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့ပြီးနောက် ကျော်ကြားသော စူပါစတားတစ်ဦးဖြစ်လာခဲ့သည်။

ယင်းနောက်တွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့ပြီး အမျိုးသားများ ကြီးစိုးနေသည့် အိန္ဒိယနိုင်ငံရေးလောကတွင် အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးအဖြစ် မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ထိုသို့ အတွေ့အကြုံ၊ အချိုးအကွေ့များပြားသော Jayalalithaa ၏ဘဝတွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များ၊ ရင်ဆိုင်ရသည့်အခက်အခဲများ၊ အိန္ဒိယတွင်သာမက ကမ္ဘာ့နိုင်ငံရေးလောကတွင် လွှမ်းမိုးမှုရှိသော အမျိုးသမီး နိုင်ငံရေးသမားတစ်ဦး ဖြစ်လာစေရန် ကြိုးပမ်း၊ ပေးဆပ်ခဲ့ရသည်များကို Thalaivii ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

Thalaivii ဇာတ်ကားထဲတွင် J.Jayalalithaa ဇာတ်ကောင်နေရာ၌ ၀ါရင့်အမျိုးသမီးသရုပ်ဆောင် ကန်ဂါနာ ရာနော့တ်ကလည်းကောင်း၊ M.G. Ramachandran ဇာတ်ကောင်နေရာ၌ Arvind Swami က လည်းကောင်း၊ M.Karunanighi ဇာတ်ကောင်နေရာ၌ Nassar က လည်းကောင်း၊ Sandhya ဇာတ်ကောင်နေရာ၌ Ghagyashree ကလည်းကောင်း ပါဝင်ထားသည်။

၂၀၂၁၊ စက်တင်ဘာအတွင်း ထွက်ရှိခဲ့သော ဘောလိဝုဒ်ဇာတ်ကားများထဲတွင် ဟန္ဒီဘာသာစကားပြော ဟာသဇာတ်ကား Helmet ၊ သည်းထိတ်ရင်ဖို ဟာသဇာတ်ကား Bhoot Prince ၊ ဟာသဇာတ်ကား Kya Meri Sonam Gupta Bewafa Hai ၊ စစ်ပွဲနောက်ခံ ဒရာမာဇာတ်ကား The Battle of Bhima Koregaon ၊ ဒရာမာဇာတ်ကား Haathi Mere Saathi တို့ပါဝင်သည်။

Most Read

Most Recent