ထိတ်လန့်သည်းဖိုဇာတ်ကား Malignant ကို စက်တင်ဘာ ၁၀ ရက်မှစ၍ မြောက်အမေရိကရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေ

ထိတ်လန့်သည်းဖိုဇာတ်ကား Malignant ကို စက်တင်ဘာ ၁၀ ရက်မှစ၍ မြောက်အမေရိကရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေ
Published 17 September 2021

အမေရိကန် ထိတ်လန့်သည်းဖို ဇာတ်ကား Malignant ကို စက်တင်ဘာ ၁၀ ရက်မှစ၍ မြောက်အမေရိကရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေပြီး ရုံဝင်ငွေ ဒေါ်လာ ၁၄ သန်း ရရှိထားကြောင်း သိရသည်။

Malignant ဇာတ်ကားကို ရုံတင်ပြသသည့် စက်တင်ဘာ ၁၀ ရက်၌ပင် HBO Max ရုပ်သံလိုင်း၌ တစ်လထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

ဒါရိုက်တာ James Wan ရိုက်ကူးပေးထားပြီး Warner Bros. Pictures မှ ဖြန့်ချိပေးထားသော ယင်းဇာတ်ကားသည် လူသတ်မှုဖြစ်ရပ်များကို အိပ်မက် ယောင်ယောင်၊ စိတ်ကူးယောင်ယောင် မြင်တွေ့နေရသော အမျိုးသမီးတစ်ဦး၏အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် Simion Research ဆေးရုံ၌ Gabriel အမည်ရှိ စိတ်ရောဂါဝေဒနာရှင်ကို ဆရာဝန်သုံးဦးက ဆေးကုသပေးလျက်ရှိသည်။ Gabriel သည် လျှပ်စစ်မီးကို ထိန်းချုပ်နိုင်သော သဘာဝလွန်စွမ်းအင်တစ်မျိုး ပိုင်ဆိုင်ထားကာ ၎င်းပြောကြားချင်သော အကြောင်းအရာကို အသံချဲ့စက်ကဲ့သို့သော ပစ္စည်းများမှတစ်ဆင့် အရိပ်အမြွက် ပေးနိုင်သူဖြစ်သည်။ တစ်ညတွင် Gabriel သည် ကြမ်းတမ်းခက်ထန်သည့်ပုံစံ ပြောင်းသွားခဲ့ကာ ဆေးရုံတွင်းရှိ ဝန်ထမ်းအများအပြားကို သတ်ဖြတ်ခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီး ၂၈ နှစ်အကြာတွင် Madison Mitchell အမည်ရှိ အမျိုးသမီးတစ်ဦးသည် ရုန့်ရင်းကြမ်းတမ်းသော၊ တစ်ပါးသူကို နှိပ်စက်ညှဉ်းပန်းတတ်သော Derek အမည်ရှိ အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။

Madison ကိုယ်ဝန်ရလာသောအခါ ကလေးမလိုချင်သော ခင်ပွန်းဖြစ်သူ Derek နှင့် အကြီးအကျယ်စကားများ ရန်ဖြစ်ရင်း Derek က Madison အား နံရံရှိရာနေရာသို့ ဆောင့်တွန်းခဲ့မှုကြောင့် Madison ၏ လည်ပင်းတွင် သွေးထွက်ဒဏ်ရာ ရရှိခဲ့သည်။

Madison သည် ကိုယ်ဝန်ကို ကာကွယ်ရန် အိပ်ခန်း၌ သော့ခတ်၍ တစ်ယောက်တည်း အိပ်စက်ခဲ့ပြီး ခင်ပွန်းဖြစ်သူ Derek မှာ ဆိုဖာပေါ်တွင် အိပ်စက်ခဲ့သည်။ ထိုည၌ပင် သူစိမ်းတစ်ဦး Madison တို့ နေအိမ်အတွင်းသို့ ဝင်ရောက်၍ Derek အား ရက်ရက်စက်စက်သတ်ဖြတ်သည့် ဖြစ်ရပ်မြင်ကွင်းကို Madison တစ်ယောက် အိပ်မက်မက်ကာ လန့်နိုးလာခဲ့သည်။

အိပ်မက်ဟု ယုံကြည်ထားသော်လည်း Derek သေဆုံးနေသည်ကို တွေ့ရှိသွားသောအခါ Madison တစ်ယောက် ထိတ်လန့်ချောက်ချားမှုများနှင့် စတင်တွေ့ကြုံလာတော့သည်။

မျက်လုံးနှစ်ဖက် ပွင့်လျက်ဖြင့် အသိစိတ်နိုးကြားနေသော်လည်း ကိုယ်ခန္ဓာမလှုပ်နိုင်ဖြစ်နေသည့် Madison ၏အဖြစ်၊ Madison ၏ အိပ်မက်အတွင်း ထင်ထင်ရှားရှားမြင်တွေ့နေရသည့် လူသတ်မှုများက ဖြစ်ရပ်မှန်များ ဖြစ်နေချိန်တွင် စိတ်ရောဂါရှင် Gabriel နှင့် Madison အကြားမှ ဆက်နွှယ်နေမှုများကို Malignant ဇာတ်ကားတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ကြည့်ရှုခံစားရမည် ဖြစ်သည်။ ဒေါ်လာ သန်း ၄၀ အကုန်ကျခံ ရိုက်ကူးထားသော ယင်းဇာတ်ကားတွင် Annabelle Wallis က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားသည်။

Most Read

Most Recent