သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာ မျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) နှင့် စွဲဆိုထားသည့် အမှုအတွက် လျှောက်လဲချက်ကြားနာမှု ပြုလုပ်ခဲ့ပြီး စွဲချက်အမိန့်ကို လာမည့်ရုံးချိန်းတွင် ချမှတ်မည်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာ မျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) နှင့် စွဲဆိုထားသည့် အမှုအတွက် လျှောက်လဲချက်ကြားနာမှု ပြုလုပ်ခဲ့ပြီး စွဲချက်အမိန့်ကို လာမည့်ရုံးချိန်းတွင် ချမှတ်မည်
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ​ဒေါက်တာ မျိုးအောင်တို့အား ရုံးထုတ်စစ်​ဆေးသည့် သီးသန့်တရားရုံး တည်ရှိသော နေပြည်​တော်​ကောင်စီဝင်းကို တွေ့ရစဉ်
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ​ဒေါက်တာ မျိုးအောင်တို့အား ရုံးထုတ်စစ်​ဆေးသည့် သီးသန့်တရားရုံး တည်ရှိသော နေပြည်​တော်​ကောင်စီဝင်းကို တွေ့ရစဉ်
Published 14 September 2021
အောင်မင်းသိန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် စွဲဆိုထားသည့် အမှုအတွက် လျှောက်လဲချက်ကြားနာမှု ပြုလုပ်ခဲ့ပြီး စွဲချက်အမိန့်ကို လာမည့်ရုံးချိန်းတွင် ချမှတ်မည် ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံးတွင်  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)နှင့် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ကို ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် တရားလိုနှင့် တရားလိုပြ သက်သေများအား စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည့်အတွက် စွဲချက်တင်သင့် မတင်သင့်ကို နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ သုံးယောက်စလုံးနဲ့ တွေ့တာ။  အမေရယ်၊ ဦးဝင်းမြင့်ရယ်၊ ဒေါက်တာ မျိုးအောင်ရယ် သုံးယောက်စလုံးနဲ့ တစ်ပြိုင်နက်တည်း တစ်ချိန်တည်းတွေ့ပြီးတော့ တရားခွင်ကို ၁၀ နာရီ ၁၀ မိနစ်လောက်မှာ စတယ်။ စပြီးတဲ့အခါမှာ သုံးဦးစလုံးရဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ၅၀၅ (ခ)ပေါ့။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ သုံးဦးစလုံးကို စွဲထားတဲ့ အမှုအတွက် ကျွန်မတို့က လျှောက်လဲချက် ပေးရပါတယ်။ လျှောက်လဲချက် ကြားနာတယ်။ ကြားနာပြီး ရုံးချိန်းကတော့ နောက်တစ်ပတ် ရုံးချိန်းကိုတော့ အင်္ဂါနေ့ပေါ့။ ၂၁ ရက် ၉ လ ကို ချိန်းလိုက်တယ်။ ချိန်းပြီးတော့ အဲဒီအမှုအတွက်ကတော့ နောက်ရုံးချိန်းမှာကတော့ စွဲချက်အမိန့် ချမှာပေါ့”ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ထို့ပြင် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးထွန်းမြင့်အောင်က စွဲဆိုထားသည့် အမှုအတွက်လည်း တရားလိုပြ သက်သေများအား စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသော်လည်း ဆင့်စာ အတည်မဖြစ်သည့်အတွက် ရုံးချိန်းသာ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “အဲဒါပြီးတော့ နောက်တစ်မှုအတွက် ကတော့ အမေစုကို စွဲထားတဲ့ ဦးထွန်းမြင့်အောင်ကနေပြီးမှ စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ သဘာဝဘေးနဲ့ စွဲထားတဲ့ အမှုအတွက်က တရားလိုပြ သက်သေနှစ်ဦးက ဆင့်စာ အတည်မဖြစ်ဘူးဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ ရုံးချိန်းပဲ ပေးပါတယ်။ ရုံးချိန်းကတော့ ၂၁ ရက် ၉ လကို ချိန်းလိုက်ပြီးတော့မှ အခုတရားခွင် နားတာပေါ့။ ဒီနေ့က နှစ်မှုစာပဲ ရှိတာ၊ ရာဇသတ်ကြီး ၅၀၅ (ခ) ရယ်၊ သဘာဝဘေး ၂၅ ရယ်၊ နှစ်မှုပဲ အင်္ဂါနေ့မှာ ရှိတဲ့အတွက်ကြောင့် နှစ်မှုစလုံးအတွက်က ပြီးသွားတဲ့ သဘောပါ”ဟု ပြောကြားသည်။

ယနေ့ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံရာတွင် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများသာ ပြုလုပ်ခဲ့ပြီး အခြားအကြောင်းအရာများ ပြောဆိုခဲ့ခြင်း မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

“အထွေအထူးကတော့ ဘာမှမပြောပါဘူး။ အခုထပ်စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ပြောရတာပေါ့။ အကုန်လုံး ထပ်စွဲတဲ့အမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ကျွန်မတို့ ဆွေးနွေးတာ ရှိပါတယ်။ ကျန်းမာပါတယ်။ ကျန်းမာတယ်ဆိုတာ မနေ့က ဖြစ်တာကလည်း ကားမူးလို့ပဲ ဖြစ်တာ။ ကျန်တာ ကျန်းမာရေး ဘာကြောင့်မှ ဖြစ်တာ မဟုတ်ဘူးပေါ့။ သူအဲဒီလိုပဲ အရင်ကလည်း ကားစီးရင် မူးတတ်တယ်။ ဒါကြောင့်မို့လို့ အခုဟာက တော်တော်ကြီး မခံနိုင်တာ ဖြစ်သွားတာပေါ့။ အိမ်မှာကလည်း အမြဲတမ်း ဆရာဝန်ထားထား ပေးတယ်။ အမေတို့နေတဲ့ အိမ်ရဲ့အရှေ့က အိမ်မှာက ဆရာဝန် တစ်ယောက်၊ သူနာပြု တစ်ယောက် ထားပေးတယ်လို့ ပြောတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ် စစ်ဆေးလျက်ရှိပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ် စစ်ဆေးလျက်ရှိပြီး ယင်းအမှုအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမည်ဟု ဇွန် ၇ ရက် ရုံးချိန်းတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

Most Read

Most Recent