ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်တွင် ၎င်းတို့၏ လုပ်ငန်းရပ်တစ်ခု ပြလိုသည့်သဘောမျိုးဖြင့် NUG က အရေးပေါ်အခြေအနေကြေညာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်တွင် ၎င်းတို့၏ လုပ်ငန်းရပ်တစ်ခု ပြလိုသည့်သဘောမျိုးဖြင့် NUG က အရေးပေါ်အခြေအနေကြေညာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား
Published 7 September 2021

ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်တွင် ၎င်းတို့၏ လုပ်ငန်းရပ်တစ်ခု ပြလိုသည့် သဘောမျိုးဖြင့် NUG က အရေးပေါ်အခြေအနေကြေညာခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၇ ရက်မှ စတင်ကာ နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေ ကြေညာကြောင်း NUG က စက်တင်ဘာ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ နံပါတ်တစ်အချက်ကတော့ ကျွန်တော်တို့က ဒီလ ၁၄ ရက်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမှာဖြစ်တဲ့အတွက် ဒါသူတို့ လုပ်ရပ်တစ်ခုပြနိုင်အောင်လို့ပေါ့ဗျာ။ လုပ်ငန်းတစ်ခု ပြနိုင်အောင် သဘောမျိုး ဒါ လုပ်ဆောင်တာပဲဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

PDF အဖွဲ့ဝင်များသည် ယခင်က မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုသို့ ဆောင်ရွက်မှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖော်ထုတ်ဖမ်းဆီးရမိမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲများတွင် ရှင်းလင်းချပြခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် PDF အမည်ခံလူများကို အဖွဲ့အစည်းအလိုက် ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လက်နက်ခဲ့ယမ်းများကို ထောင်နှင့်ချီ၍ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခင်က တည်ငြိမ်မှုမရှိခဲ့သော အခြေအနေများကို ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အဲဒီလို လုပ်ဆောင်နိုင်တဲ့အခါမှာ သူတို့အနေနဲ့ တဖြည်းဖြည်းနဲ့ ကျဆုံးမှုဘက်ကို ရောက်ရှိလာတယ်ဆိုတာကို သူတို့လည်း သိတယ်။ ဒါကြောင့်မို့ ဒါကို အရှိန်ပြန်မြှင့်နိုင်ရေးပေ့ါလေ၊ နိုင်ငံတကာ ပိုအာရုံစိုက်လာနိုင်ရေး၊ အရှိန်ပြန်မြှင့်နိုင်ရေး လုပ်ဆောင်တဲ့လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ကြောင့် ယခု NUG ၏ အရေးပေါ်အခြေအနေကြေညာချက်နှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမရှိကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ရေတွေ ပျက်တော့မယ်၊ မီးတွေ ပျက်တော့မယ်၊ စားနပ်ရိက္ခာတွေ ပြတ်တော့မယ် စုဆောင်းကြပါ၊ ကိုင်တွယ်ကြပါဆိုတဲ့ဟာမျိုးတွေ လုပ်ဆောင်နေတာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီကောလာဟလတွေကို ယုံကြည်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ပြောချင်တာက ဒီမြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူးရေးနိုင်ငံဖြစ်တဲ့အတွက် အခြေခံစားနပ်ရိက္ခာ ပြတ်တောက်သွားစရာ အကြောင်းမရှိဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးအတွက် အာမခံကြောင်း၊ လက်ရှိအချိန်တွင်လည်း လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း PDF များက မြို့ပေါ်တွင် ဖောက်ခွဲမှုများ ပြုလုပ်လာနိုင်သည့်အတွက် လုံခြုံရေး သတိရှိကြရန် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။