မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် ကုန်စျေးနှုန်းမြင့်တက်မှု မြင့်မားစွာ မဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား 

မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် ကုန်စျေးနှုန်းမြင့်တက်မှု မြင့်မားစွာ မဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား 
Published 7 September 2021

မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် ကုန်စျေးနှုန်းမြင့်တက်မှု မြင့်မားစွာ မဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဗဟိုအဆင့်ဖွဲ့စည်း၍ အစည်းအဝေးများ ပြုလုပ်ပြီး ဖိဖိစီးစီး ထိထိမိမိဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အတိုင်းအတာ တစ်ခုအထိ ကျဆင်းလာပြီ ဖြစ်ကြောင်း၊ သို့သော် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ များစွာရှိနေသေးကြောင်း၊ စက်တင်ဘာ ၅ ရက်အထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်သူ ၂၂၁ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၆ သန်းခန့် ရှိကြောင်း၊ ကူးစက်မှု အများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်ပြီး သန်း ၄၀ ကျော်ခန့်ရှိကာ ဒုတိယအများဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၃၃ သန်းခန့်ရှိကြောင်း၊ အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံသည် ကူးစက်မှု လေးသန်းကျော်ရှိပြီး သေဆုံးသူ ၁၃၆၀၀၀ ကျော်ခန့် သေဆုံးမှုရှိသဖြင့် ပထမ အများဆုံး ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ဒုတိယ အများဆုံးဖြစ်ပြီး ကူးစက်သူ နှစ်သန်းကျော်နှင့် သေဆုံးသူ ၃၄၀၀၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ဆဋ္ဌမ အများဆုံးဖြစ်ပြီး ကူးစက်သူ ၃ ဒသမ ၇ သန်းကျော်နှင့် သေဆုံးသူ ၁၅၈၀၀ ခန့် သေဆုံးသည် ကိုတွေ့ရှိရကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ထိထိမိမိ ကိုင်တွယ်၍ ဩဂုတ်လကုန်အတွင်း ရောဂါကူးစက်မှု ရာခိုင်နှုန်း ထက်ဝက်ခန့်အထိ ကျဆင်းစေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ၂၁၃၅၂ ဦးအား စစ်ဆေးခဲ့ရာ ၇၀၈၃ ဦး တွေ့ရှိခဲ့သဖြင့် စစ်ဆေးသူ၏ ၃၃ ရာခိုင်နှုန်း တွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၂၂ ရက်တွင် ၁၇၂၃၅ ဦးအား စစ်ဆေးခဲ့ရာ ၆၇၀၁ ဦး တွေ့ရှိခဲ့သဖြင့် တွေ့ရှိမှုရာခိုင်နှုန်း ၃၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အချို့ရက်များတွင်လည်း ၄၀ ရာခိုင်နှုန်းကျော်သည်များ ရှိခဲ့ကြောင်း၊ ထိုသို့ ရောဂါကူးစက်မှုနှုန်း မြင့်တက်မှုများအား ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုအဖွဲ့အနေဖြင့် ပြည်သူများ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ပြည်ပမှ ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေး၊ ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာဖြင့် တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကလည်း နိုင်ငံတော်အစိုးရက ဆောင်ရွက်သည့် လုပ်ငန်းရပ်များ အောင်မြင်စေရန်အတွက် ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များ လိုက်နာစေရန် ဆောင်ရွက်မှုများနှင့် ပြည်သူများက လိုက်နာပူးပေါင်း ဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်းများ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခု စက်တင်ဘာလဆန်း၌ ပျမ်းမျှ ပိုးတွေ့နှုန်းသည် ၁၀ ဒသမ ၃၇ ရာခိုင်နှုန်းသာရှိသဖြင့် ကူးစက်မှုနှုန်းများ များစွာ ကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း၊ သို့သော် အချို့ပြည်နယ်နှင့် တိုင်းများတွင် ကူးစက်မှုနှုန်း များပြားနေသေးသည်ကို တွေ့ရှိနေရသေးကြောင်း၊ ရောဂါကူးစက်မှု စစ်ဆေးရာတွင် နယ်ပယ်ပေါင်းစုံတွင် စစ်ဆေးနိုင်ရေး ဖြစ်နိုင်သမျှ နယ်ပယ်များတွင် စစ်ဆေးခဲ့ရာ တစ်ရက်လျှင် လူဦးရေ သုံးသောင်းကျော်ခန့်အထိ စစ်ဆေးနိုင်ခဲ့ကြောင်း၊ လူတစ်သိန်းတွင် ကူးစက်မှုအား အချိုးချ၍ တွက်ချက်ခဲ့ရာ ကယားပြည်နယ်၌ လူတစ်သိန်းတွင် ကူးစက်သူဦးရေ ၁၉၃ ဦးတွေ့ရှိပြီး ကူးစက်မှုနှုန်း အများဆုံး၊ ကချင်ပြည်နယ်၌ လူတစ်သိန်းတွင် ကူးစက်သူဦးရေ  ၉၆ ဦးတွေ့ရှိပြီး ဒုတိယအများဆုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် လူတစ်သိန်းတွင် ကူးစက်သူဦးရေ ၈၄ ဦးတွေ့ရှိပြီး တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ၈၁ ဦး၊ နေပြည်တော်တွင် ၇၆ ဦး၊ ပဲခူးတိုင်းတွင် ၇၂ ဦး တွေ့ရှိရသဖြင့် ၎င်းတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်ဆေးတွေ့ရှိမှုနှုန်းအရ များပြားနေသေးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း ကိန်းဂဏန်းများအားကြည့်၍ ဆောင်ရွက်ရန် လိုအပ်သည်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့များတွင် စည်းကမ်း လိုက်နာမှုများရှိပြီး နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေသည့်အတွက် မြန်မာ့ရုပ်မြင်သံကြား သတင်းဌာနများ၊ အသံလွှင့်ဌာနများမှ တိုင်းရင်းသား ဘာသာများဖြင့်ပါ ပညာပေးမှုများ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက် ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း များပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေး တိုက်တွန်း ဆောင်ရွက်နေရန် လိုကြောင်း၊ ကာလကြာမြင့်လာချိန်တွင် ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆဖြင့် သွားလာ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း၊ အချို့ပြည်သူများအနေဖြင့် Mask များ တပ်ဆင်မှုမရှိဘဲ သွားလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများအား တိကျစွာ လိုက်နာကြသော်လည်း အချို့ဒေသများတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများအား လိုက်နာမှုမရှိဘဲ သွားလာ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ကိုဗစ် -၁၉ စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ခွင့် ပေးထားကြောင်း၊ ပြည်ပပို့ကုန်များ ရှိမှသာ နိုင်ငံအတွက် ဝင်ငွေရရှိမည် ဖြစ်ကြောင်း၊ အလားတူ စားသောက်ကုန်များ ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရေး ခွင့်ပြုပေးထားကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် စားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ကုန်စျေးနှုန်းမြင့်တက်မှု များမြင့်မားစွာ မဖြစ်ပေါ်ခဲ့ကြောင်း၊ အချို့နိုင်ငံများတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းအတွက် အလုပ်သမားများ ရှားပါးမှုကြောင့် စားသောက်ကုန်များ ဈေးနှုန်းများ အလွန်မြင့်မားစွာ မြင့်တက်လျက် ရှိသည်ကို သတင်းများတွင် တွေ့ရှိရကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၌ စားသောက်ကုန်များ ဖူလုံစွာ ထုတ်လုပ်နိုင်ပါက နိုင်ငံအနေဖြင့်များစွာ အဆင်ပြေမည် ဖြစ်ကြောင်း၊ ပြည်သူများ၏ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များနှင့် သောကများ သက်သာရာရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းများအား လိုက်နာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အထိ ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်း၊ လူစုလူဝေးဖြင့် ဆောင်ရွက်ခြင်း ကိစ္စရပ်များကို ခွင့်ပြုမပေးထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ၌ တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် ပြည်သူများ သိရှိစေရေး သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အချို့သော အားနည်းချက်များကြောင့် စိစစ်မှုများအား ပြည့်ဝစွာ မဆောင်ရွက်နိုင်ခဲ့သဖြင့် ကူးစက်မှုနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent