ကလေးမြို့မှာ ကိုဗစ်တတိယလှိုင်းကို တကယ်ကျော်ဖြတ်နိုင်ပြီလား

ကလေးမြို့မှာ ကိုဗစ်တတိယလှိုင်းကို တကယ်ကျော်ဖြတ်နိုင်ပြီလား
 Stay at Home သတ်မှတ်ထားသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးများဖြည့်တင်းနေသည်ကို တွေ့ရစဉ်
Stay at Home သတ်မှတ်ထားသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးများဖြည့်တင်းနေသည်ကို တွေ့ရစဉ်
Published 5 September 2021
ကိုဆူး ( ချင်းတောင်ခြေ )

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကို စတင်ထိတွေ့ခဲ့ရတဲ့ ကလေးမြို့။ ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေက တစ်ဆင့် သိရှိလာရပါတယ်။  ကျွန်တော်တို့ နိုင်ငံကို ဘယ်အချိန် ရောက် လာလေမလဲဆိုတာ တထိတ်ထိတ်နဲ့ ဖြစ်နေ ဆဲမှာ ကိုဗစ်ရောဂါ ပထမဆုံးဖြစ်ခဲ့တဲ့သူဟာ တီးတိန်မြို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီလူနာက ကလေးမြို့မှာ သူ့အမျိုးတွေဆီမှာ ခပ်ကြာကြာ နေထိုင်သွားခဲ့သူ ဖြစ်နေပါ တယ်။ ကလေးမြို့ တစ်မြို့လုံး ပြာယာခတ်သွားပြီး မြို့ပေါ် အသွားအလာတွေ ရပ်တန့် သွားသည်အထိ ကြောက်ရွ့ံသွားခဲ့ကြပါတယ်။ ဒါ့ကြောင့် ကိုဗစ်ကပ်ရောဂါ  စဖြစ်ဖြစ်ချင်းမှာ ချင်းတောင်ပေါ်က အဝင်အထွက် တွေ ကန့်သတ်ကြ၊​ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြနဲ့ ကိုဗစ်ကပ်ရောဂါကို တွန်းလှန်ကာကွယ်ဖို့အတွက် အမျိုးမျိုး ကြိုးစားခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ  ကိုဗစ်ကပ်ရောဂါ ကို  ပထမလှိုင်း၊ ​ဒုတိယလှိုင်း၊ တတိယလှိုင်း ဆိုပြီး တစ်ဆင့်ချင်း ဖြတ်ကျော်ခဲ့ကြပါတယ်။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အသေအ ပျောက်နည်းပေမဲ့ တတိယလှိုင်းမှာတော့ ကလေးမြို့အပါအဝင် ချင်းတောင်ခြေဒေသ တွေ မှာ အသေအပျောက် အလွန်များပြားခဲ့ပါတယ်။ ကလေးမြို့ပေါ်မှာ နာရေးမဖြစ်တဲ့ လမ်းရယ်လို့ မရှိသလောက်။ အဖျားအနာ မဖြစ်တဲ့အိမ်ဆိုတာ ခပ်ရှားရှားရယ်လို့ ပြောရမလိုပါပဲ။

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဟာ အိန္ဒိယနိုင်ငံမှာစတင်ခဲ့ပြီး ရောဂါ ဖြစ်ပွား နှုန်းကလည်း ကြောက်ခမန်းလိလိ။ အိန္ဒိယ နိုင်ငံနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်၊​စစ်ကိုင်း တိုင်းတို့က မြို့တွေ၊ ကျေးရွာတွေမှာ စတင် ကူးစက်ဖြစ်ပွားခဲ့တယ်လို့ ပြောရမှာပါ။

ကိုဗစ်တတိယလှိုင်းလို့ ပြောရမယ့် ဖြစ်စဉ်ကို ကလေးမြို့ရဲ့​အနောက်ဘက်ပိုင်းမှာ ရှိတဲ့ ရပ်ကွက်တွေမှာ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြောရမလို ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံနယ်စပ်နဲ့ ချင်းပြည်နယ် ကျီခါးမြို့ဘက်ကနေ စတင် ဖြစ်ပွားမှုများပြားလာပြီးတော့ ကလေးမြို့ တာဟန်းရပ်ကွက်ဘက်မှာ စတင်ဖြစ်ပွားမှု များလာကာ လူသေဆုံးမှုတွေ စတင်ရှိလာခဲ့ပါတယ်။ ကလေးမြို့တစ်မြို့လုံး ပြန့်ပွားလာ ပြီးတော့ ကိုဗစ်ရောဂါ ဖြစ်ပွားနှုန်းကလည်း ရပ်ကွက်တိုင်းလိုလိုမှာ စတင်ဖြစ်ပွားလာခဲ့ပါ တယ်။ နာရေးအိမ်က အသံချဲ့စက်ဖွင့်သံ တွေက မနက်တိုင်းလိုလို ကြားနေခဲ့ရပြီး  အသုဘချတဲ့ နာရေးယဉ်တွေရဲ့​အသံတွေက နေ့ညမပြတ် ကြားနေရတော့တာပါပဲ။

 “ကလေးမြို့မှာတော့ အနောက်ဘက် ပိုင်းနဲ့ အနောက်မြောက်ဘက်ပိုင်းတွေက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ထိတွေ့ ဆက် စပ်ရာကနေ ကူးကြတာကိုး။ အဲဒီဘက်တွေ မှာ အသေအပျောက်များလာတယ်။ ပါစ တာတွေကို တော်တော်များများ သေဆုံး လာတော့ စင်တာတွေ ဖွင့်ပြီး ကြပ်ကြပ်မတ်မတ် လုပ်လာတော့ ကလေးမြို့ အနောက် ဘက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ သေဆုံးနှုန်းတွေ လျော့ကျလာတယ်။ ဒီလို အချိန်မှာ ကလေးမြို့​အရှေ့ပိုင်းနဲ့ တောင်ပိုင်း တွေမှာ သေဆုံးနှုန်းတွေက များနေဆဲဖြစ် တယ်။ အဲဒါကြောင့် ကလေးနယ် တောင်ပိုင်း ဘက်မှာ စင်တာရှိသင့်တယ်ဆိုပြီး အားမန် စင်တာကို ဖွင့်ပေးလိုက်တာ”လို့ အားမန် ကိုဗစ်ကုသရေးစင်တာကို ဖွင့်လှစ်ခဲ့သူ တစ် ဦးက ပြောပြပါတယ်။

ကလေးမြို့မှာ ကိုဗစ်တတိယလှိုင်း အကြမ်းဆုံးအချိန်မှာ တစ်ရက်ကို လူသေဆုံး မှု အယောက် ၃၀ ဝန်းကျင်လောက်ရှိပြီး တချို့ရက်တွေဆို ဒီထက်ပိုတယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့​အတွက် ပိုသတ်ဆေးတွေဖျန်းခြင်း လုပ်ငန်း ကလည်း အရေးကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ် တယ်လို့ သိရပါတယ်။ ကိုဗစ်တတိယလှိုင်း ကို ဖြတ်ကျော်ပြီးနောက်ပိုင်းမှာ ရွှေသူငယ် ချင်းများအဖွဲ့ မှ ဦးဆောင်သူတစ်ဦးကလည်း ဒီလိုပြောပြပါတယ်။

“ကိုဗစ် တတိယလှိုင်းကို ဖြတ်ကျော်နိုင် ခဲ့ပြီလို့ ပြောရမယ်။ ကိုဗစ်ကုသရေးစင်တာ တွေလည်း ပိတ်လိုက်ပြီလေ။ ကိုဗစ်ဖြစ်တဲ့ လူနာ နည်းပါးသွားပြီ။ ကျွန်တော်တို့အဖွဲ့​အနေနဲ့ကလည်း အိန္ဒိယဘက်က မိတ်ဆွေ လှူဒါန်းလိုက်တဲ့ ပိုးသတ်ဆေး ၅၀ ပုံး ၂၀ ပုံး လှူဒါန်းပေးတယ်။ ကိုယ်တို့အဖွဲ့ကလည်း ပိုးသတ်ဆေးတွေ လိုက်ဖျန်းတယ်။ တစ်နယ် လုံးမှာရှိတဲ့ ပရဟိတအဖွဲ့တွေ ၊ ကျေးရွာတွေ အပြင် ချင်းတောင်ပေါ်အထိပါတယ်။ မျှဝေ ပေးတယ်။ အဲဒီလို ပေါ့စတစ်တွေ့တဲ့ အိမ် တွေကို ဝင်ဖျန်းပေးတာကလည်း အထောက် အကူပြုမယ်လို့ ထင်တယ်။ ကိုဗစ်ကလည်း နာတာရှည်ရောဂါလို မဟုတ်ဘူးလေ။ အခု ဟာက ကိုဗစ်ရောဂါဖြစ်တာကလည်း ကလေးမြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက် ကူးသွား တာကိုး။ အဲဒါဆိုတော့ ထပ်မကူးတော့တာ လည်း ပါတာပေါ့။ နောက်တစ်ခုက အောက် ဆီဂျင်ကိစ္စပေါ့။ အောက်ဆီဂျင်ရဖို့​အတွက် ရန်ကုန်၊​ မန္တလေး၊ မုံရွာနဲ့ အိန္ဒိယဘက်က အထိ ယူပေးတယ်။ ရွှေသူငယ်ချင်းများ အသင်းတစ်သင်းတည်းနဲ့ကို အောက်ဆီဂျင် ၄၀ လီတာအိုး ၁၅၂၀ ကို အခမဲ့ ဖြန့်ပေးနိုင် တယ်လေ”လို့ ရွှေသူငယ်ချင်းများအဖွဲ့မှ ကိုစိုးက ပြောပြပါတယ်။

ကိုဗစ်တတိယလှိုင်းမှာတော့ အောက် ဆီဂျင်ပါ အတော်အရေးပါတဲ့ကဏ္ဍတစ်ခု မှာ ပါဝင်ခဲ့ ပြီး ကလေးမြို့မှာ အောက်ဆီဂျင် ပြတ်လပ်မှုတွေ လည်း ဖြစ်ပေါ်ခဲ့ပါတယ်။

“ဒီတစ်ခါ တတိယလှိုင်းက အောက်ဆီဂျင် ရှူတဲ့သူ ပိုများတယ်။ အောက်ဆီဂျင်မရ လို့​ သေဆုံးသွားတဲ့သူတွေလည်း ရှိခဲ့တယ်။ ပထမအစမှာတော့ ကိုဗစ်စင်တာတွေမှာ ရော ဂါဆိုးရွားတဲ့သူတွေကိုပဲ ထားပေးနိုင်တယ်။ ကျွန်တော်တို့ စင်တာမှာပဲကို သူနာပြု​ဆရာမ တွေ၊ ဗော်လန်တီယာလုပ်တဲ့သူတွေ ပေါ့စ တစ်ဖြစ်သွားတာတွေ ရှိတယ်။ တတိယ လှိုင်းက ကူးစက်မှု​ပိုမြန်တယ်လို့ ပြောရမယ်”လို့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါ ကုသရေးအနေနဲ့ ကလည်း “ကိုဗစ်ရောဂါကို စင်တာတွေ ဖွင့် ပြီး ကုသပေးတာ တွေလည်း ရှိတယ်။ ကိုဗစ် ကလည်း သိတဲ့အတိုင်း ကုကြရတာက ကျန်း မာရေးဂိုက်လိုင်းနဲ့အရင်က ကုတာကိုး။ နောက်ပိုင်းတော့ ကျွန်တော်တို့​စင်တာကို အောက်ဆီဂျင်လယ်ဗယ်  ၆၅၊ ၇၀ လောက် နဲ့ရောက်လာရင် အသက်ဆုံးရှုံးမှုမရှိတော့ ဘူး။ ကိုဗစ်ရောဂါအထာကို သိသွားတဲ့ သဘောပေါ့။ ရောက်လာတဲ့ လူနာတွေ အောက်ဆီဂျင်ပေးတယ်။​ အသက်ရှူလေ့ ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ သွေးပြစ်တယ် ဆိုရင်သွေးကျဲဆေးတွေ ထိုးပေးတာတွေ ရှိတယ်။ စင်တာဖွင့်စတော့ အသက်ဆုံး ရှုံးတာရှိပေမဲ့ နောက်ပိုင်းမှာ သေတယ်ဆိုတာ မရှိတော့ဘူး။ အားမာန်စင်တာကတော့ လူနာ အရေ အတွက် နည်းသွားတော့ ပိတ်လိုက်ပြီ။ ဒါပေမဲ့ မိုဘိုင်းကလင်းနစ်အနေနဲ့ ကလေးမြို့ နယ်အတွင်းက ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့် တက်နေတဲ့ ကျေးရွာတွေဆီကို သွားပြီး ကုသ ပေးမယ်၊ ပညာပေးမှုတွေလုပ်ဖို့​ရှိပါတယ်။ ကျေးရွာတစ်ရွာမှာ အယောက် ၃၀ လောက် ရှိတယ်ဆိုရင် မိုဘိုင်းကုသမှု ပေးသွားမှာပါ။ ကျွန်တော်တို့​ ကျန်းမာရေးအမြင် ကိုယ်တွေ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ​အရတော့  အသိစိတ်ဓာတ်ပေါ့။​ လက်ဆေးမယ်။​မက်စ် တပ်မယ်။ လူစုလူဝေးကို ရှောင်ကြဉ်မယ်ပေါ့။ ကိုဗစ်ကာကွယ်ဆေးတွေ အကုန်မထိုးနိုင် ခင်မှာ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန် ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာကြတာ အကောင်းဆုံးပါ”လို့​ ကိုစိုးက ဆက်လက် ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးမြို့မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ အရေအ တွက်လည်း နည်းပါးသွားပါပြီ။ ကလေးမြို့ ပေါ် မှာ ကာကွယ်ဆေးထိုးပေးတာတွေလည်း အစိုးရကလည်း လုပ်ဆောင်ပေးနေသလို တချို့ကလည်း ပြင်ပမှာ အစုအဖွဲ့အလိုက် ကာကွယ်ဆေး ထိုးထားတဲ့သူတွေလည်း ရှိ နေပါတယ်။

“ကိုဗစ်ကူးတဲ့ အရေအတွက်ကလည်း များသွားပြီ။ ကာကွယ်ဆေးလည်းထိုးကြ တယ်။ ကာကွယ်ဆေးကလည်း အိန္ဒိယ ဆေးထိုးတာ ရှိတယ်။ ဌာနဆိုင်ရာက တရုတ်ဆေးထိုးပေးတာ ရှိတယ်။ ဆေးအနေနဲ့က လည်း အိန္ဒိယနိုင်ငံဘက်က ဝင်လာတဲ့ဆေး တွေလည်း ပေါလာတယ်။ အောက်ဆီဂျင် စက်တွေကလည်း ကလေးမြို့မှာ တိုးလာ တယ်။ ကူးစက်မှုကွင်းဆက်လည်း လျော့လာ ပါတယ်။ ကျေးရွာပိုင်းမှာတော့ ကိုဗစ်ရောဂါ ဖြစ်တာတွေ ရှိနေသေးတယ်။  လူနာဦးရေ လျော့သွားပါပြီ။ လူစုလူဝေး ရှောင်တာရယ်၊ နှာခေါင်းစည်းမက်စ်တွေတပ်တာ၊ လက် ဆေးတာတွေကိုတော့ ပုံမှန်လုပ်ဖို့ လိုအပ်ပါ တယ်။ ကလေးမြို့မှာ သာရေးနာရေးမှာ လူစု လူဝေးနဲ့ နေထိုင်တဲ့စနစ်ကို ပြောင်းပေး ဖို့လိုအပ်ပါ့မယ်။ ကျေးရွာဘက်တွေမှာ ကျန်း မာရေးဝန်ထမ်းတွေ၊ ပရဟိတလုပ်နေသူ တွေက နေထိုင်နည်းစနစ်လေးတွေ ဟော ပြောစည်းရုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ရေးကို တစ်နေရာ တည်းကနေလုပ်တာမဟုတ်ဘဲ ကလေးမြို့ နယ် တစ်မြို့နယ်လုံး၊ ချင်းတောင်ခြေ တစ် နယ်လုံး စုပေါင်းကာကွယ်မှုတွေလုပ်မှ ပိုအ ဆင်ပြေပါ့မယ်။ အားလုံး သတိနဲ့နေထိုင်ဖို့ ပြောချင်ပါတယ်”လို့  ကိုဗစ်ကပ်ရောဂါ တတိ ယလှိုင်းအလွန်မှာ လိုက်နာသင့်တာတွေကို ကာယကံမေတ္တာ လူမှုကူညီရေးအသင်းမှ ကိုရဲသီဟအောင်က ပြောကြားခဲ့ပါတယ်။

ကလေးမြို့မှာ ကိုဗစ်ကပ်ရောဂါ လျော့ ပါးလာတယ်ဆိုပေမဲ့လည်း အောက်ဆီဂျင် လိုအပ်နေသူတွေလည်း ရှိနေဆဲဖြစ်ပြီး  ကျေး ရွာတွေမှာလည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု တွေရှိနေပါသေးတယ်။

 “အခုလည်း  အောက်ဆီဂျင်အိုး လာ ငှားတဲ့သူတွေရှိပါတယ်။ ဖြစ်တာ ကြာပြီလား လို့ မေးတော့ အခုမှဖြစ်တာလို့ ပြောကြတယ်။ ရွာတွေက လာတာရှိတယ်။ အခုတော့ တော် တော်လေးသက်သာနေကြပြီလို့ ပြောရပါ တယ်။ နောက်တစ်ကြိမ် ဖြစ်မယ်ဆိုရင်လည်း အောက်ဆီဂျင်ကြောင့်တော့ ပြဿနာမတက် နိုင်တော့ဘူးလို့​ထင်ပါတယ်။ အခုလည်း လူ တွေက အပြင်ပြန်ထွက်ကြနဲ့ ပြန်ဖြစ်ကြဦး မလားလို့​တွေးနေတယ်။ အရင် ကိုဗစ်လှိုင်း တုန်းကတော့ မြို့ပေါ်တွေမှာပဲ ဖြစ်တာလေ။ ရွာတွေမဖြစ်ဘူး။ ကိုဗစ်တတိယလှိုင်းမှာ တော့ ကျေးရွာတွေလည်း ရောဂါဖြစ်ကြပါ တယ်”လို့ မေတ္တာထွဋ်ခေါင် လူမှုကူညီရေး အသင်းမှ ကိုတင်အောင်ဆင့်က ပြောပြပါ တယ်။

 ကိုဗစ်ကပ်ရောဂါ လျော့ပါးလာတယ် ဆိုပေမဲ့ သတိမပေါ့ကြဖို့နဲ့ နှာခေါင်းစည်း မက်စ်ကို အမြဲတပ်ဆင်ကြဖို့၊ အပြင်က ပြန် လာတိုင်း လက်ဆေးကြဖို့ နဲ့ အောက်ဆီဂျင်ကို အသုံးပြုတဲ့အခါ တတ်ကျွမ်းနားလည်တဲ့သူ တွေကိုမေးပြီးမှ အသုံးပြုဖို့​အပါအဝင် ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးအတွက် ညွှန်ကြားချက်တွေကို လိုက်နာဖို့အတွက်လည်း ကိုတင်အောင်ဆင့် က သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပါ တယ်။

 “အဓိက ပြောချင်တာက မက်စ်ကို အမြဲ တပ်ကြပါ။ အပြင်က ပြန်လာရင် လက်ဆေး ကြပါ။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ် လူတိုင်း လုပ် ကြရင် ရောဂါဖြစ်ပွားမှု သက်သာမယ်လို့ ထင်ပါတယ်။ မက်စ်တပ်ဖို့ က အဓိကပဲ။ အခု တတိယလှိုင်းမှာ ကျွန်တော်ဖြစ်ခဲ့သေးတယ်။ တော်တော် ဆင်ဆင်ခြင်ခြင်နေတဲ့ကြားထဲ က ကိုဗစ်ရောဂါ တစ်အိမ်လုံးဖြစ်နေတဲ့ အိမ် ကိုသွားပြီး အောက်ဆီဂျင်အိုးသွားပို့တော့ အဲဒီမှာ ဖုန်းလာတယ်။ ဖုန်းကို မက်စ်တပ်ပြီး မပြောတတ်တော့ မိနစ်အနည်းငယ်လောက် မက်စ်ချွတ်ပြီး ဖုန်းပြောလိုက်တာ နောက်ရက် ဖျားပြီး ကိုဗစ်ဖြစ်တော့တာပဲ။ ကိုဗစ်ရောဂါ ကူးစက်တာက တော်တော်မြန်တယ် ပြောရ မယ်။ မက်စ်ကို ဘယ်အခြေအနေဖြစ်ဖြစ် မချွတ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ရောဂါ ဖြစ်ပွားတဲ့သူတွေလည်း အောက်ဆီဂျင်ရှူ မယ်ဆိုရင်လည်း တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုဆရာမ တွေ၊ ဆရာဝန်တွေကို လေကို ဘယ်လိုပေးရ မလဲမေးမြန်းပြီးမှ ရှူကြဖို့ ပြောချင်ပါတယ်။ တချို့ အောက်ဆီဂျင်အိုးရလာတာနဲ့လူနာ ဆီရောက်ပြီးရင် အောက်ဆီဂျင်အိုး ဘားကို အကုန်ဖွင့်ပေးလိုက်ကြတာ။ အဲဒါ လူနာ အတွက် မကောင်းဘူး။ တတ်သိနားလည်တဲ့ သူတွေကလည်း ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ အသေးအဖွဲလေးတွေကိုလည်း မျှဝေပေးကြပါလို့ ပြောချင်ပါတယ်”လို့​ဆိုပါ တယ်။

ကလေးမြို့မှာ ကိုဗစ်ကပ်ရောဂါ နည်း ပါးလာပါပြီ။ ရောဂါဖြစ်ပွားမှုနည်းပါးလာတာ နဲ့အတူ မက်စ်မပါဘဲ သွားလာတဲ့သူတွေကို လည်း တွေ့လာရပါတယ်။

“ရောဂါ တွေ အဖြစ်နည်းပြီး သေဆုံးမှု သိပ်မရှိတော့ လူတွေက အတင့်ရဲလာတာ တွေ့တယ်။ တချို့က မက်စ်မတပ်တာတွေ တွေ့နေရတယ်။ လူစုလူဝေးလည်း များလာ တယ်။ ရောဂါ ပြန်မဖြစ်လာဘူးလို့ မပြော နိုင်ဘူး။ ဖြစ်လာခဲ့တယ်ဆိုရင်လည်း တော် တော်လေး ခက်ခဲမှာပါ။ လူတစ်ဦးချင်းရဲ့​အသိတရားနဲ့ အသွားအလာ အနေအထိုင် ဆင်ခြင်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ မက်စ်ကမ်ပိန်းလုပ်တယ်။ ကျေးရွာ တွေ အခြေအနေဘယ်လိုလဲ လေ့လာသတင်း သွားမေးတယ်။ ရွာရဲ့ စင်တာလေးတွေကို သွားလေ့လာတယ်။ ရွာတွေ မှာ သူတို့​စင်တာ လေးတွေ ဖွင့်ထားတယ်။ တချို့ရွာတွေဆိုရင် လော့ဒေါင်းလိုမျိုး လုပ်ထားတယ်။ ရွာတွေမှာ အဖွဲ့အစည်းလေးတွေ လုပ်ပေးထားတယ်။ ဝိုင်းပြီး ကာကွယ် တုံ့ပြန်ကြတာ ရှိတယ်။ ရွာ တွေဘက်မှာလည်း လယ်တောမှာ သွားအိပ် တာ အဲဒီလူတွေ ကူးတာတွေလည်း ရှိနေပါ တယ်။ အိပ်စွပ်စင်တာ စဖွင့်တော့ ဘယ်သူမှ အသိအမှတ်မပြုသလိုလိုပေါ့ ဟိုပြောဒီပြော ပေါ့။ နောက်တော့ အသင်းတော်တွေနဲ့​အတူ ဝိုင်းဝန်လှူဒါန်းတာတွေ ရှိလာပါတယ်။ နောက်တစ်ကြိမ် ဖြစ်လာမယ်ဆိုရင်လည်း အားလုံး ၀ိုင်းဝန်းအင်အားနဲ့မှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပြီး ကိုဗစ် ကပ်ရောဂါကို ကြိုတင်ကာကွယ် ကုသဖို့​အတွက် ကူညီကြပါလို့ ပြောချင်ပါတယ်”လို့ အိပ်စွပ်စင်တာမှာ လုပ်ကိုင်ခဲ့သူ ဦးပွီးယာက ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကို ကာကွယ်နိုင်ဖို့​အတွက် လူတိုင်းမှာ တာဝန်ရှိတာကြောင့် မိမိကစပြီး ကာကွယ်ပါလို့ ပြောချင်ပါတယ်။ ဒီရောဂါ ကြီးကို ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်း ခံစာနေကြရတာဖြစ်တဲ့အတွက် ကျွန်တော် တို့​နိုင်ငံမှာလည်း ဖြစ်ပွားမှုနှုန်း နည်းပါး အောင်ဆောင်ရွက်ဖို့​ လူတိုင်းမှာ တာဝန်ရှိပါ တယ်။ ကိုဗစ်တတိယလှိုင်းကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ကြသလို နောက်ထပ်လာ မယ့် လှိုင်းတွေရှိရင်လည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့​အတွက် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြပါစို့လို့​တိုက်တွန်းလိုပါတယ်။