၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Inflow) ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်သာရှိ

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Inflow) ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်သာရှိ
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 2 September 2021

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Inflow) ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ခွင့်ပြုပေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၅၂၅ ဘီလျံကျော်အထိ ရှိသည်။

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Inflow) ဒေါ်လာ ၂ ဒသမ ၂၀၅ ဘီလျံရှိသာရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော် ခွင့်ပြုပေးခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Inflow) ဒေါ်လာ ၂ ဒသမ ၇၆၆ ဘီလျံရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် MIC က ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များအနေဖြင့် ချက်ချင်းဝင်ရောက် လာနိုင်ခြင်းမရှိသေးဘဲ လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းအခြေအနေများကို ကနဦးလေ့လာဆောင်ရွက်ရခြင်းများ ရှိကြောင်း သိရသည်။

“ လုပ်ငန်းသဘောအရ Approved ပေါ့။ ခွင့်ပြုပေးလိုက်တာက လုပ်ငန်းရှင်အနေနဲ့ ဘယ်လုပ်ငန်းအမျိုးအစား၊ ဘယ်လောက်ရင်းနှီးမြှုပ်နှံမှုလုပ်မယ်၊ဒါကို အရင်တင်ပြရတယ်။ အဲဒီတင်ပြလာတဲ့ လုပ်ငန်းက ရင်းနှီးမြှုပ်နှံမှုဥပဒေအရ တိုင်းဒေသကြီးက ခွင့်ပြုရမှာလား၊ ပြည်ထောင်စုကခွင့်ပြုရမှာလား၊ အဆင့်အလိုက် စိစစ်ပြီး ခွင့်ပြုပေးလိုက်တာ။ ခွင့်ပြုပေးလိုက်တာနဲ့ လုပ်ငန်းရှင်က တခါတည်းဝင်ရောက်လုပ်ကိုင်တာ မျိုးမဟုတ်ပါဘူး။ သူကလည်း ပြည်တွင်းမှာ ဖြစ်နိုင်မှုရှိမရှိ Study အရင်လုပ်တာ၊ ဒါတွေ အားလုံးအဆင်ပြေမှ လုပ်ငန်းစတင်လည်ပတ်တာပေါ့။ တချို့လုပ်ငန်းတွေဆို နှစ်နဲ့ချီ ကြာတတ်တာတွေရှိတယ်။ ဥပမာ ဒီနှစ်မှာ ခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီနှစ်မှာချက်ချင်း ဝင်လုပ်တာမဟုတ်ဘူး။ နောက်နှစ် ဒါမှမဟုတ် နောက်နှစ်လောက်မှ ဝင်ရောက်လုပ်ကိုင်တာတွေရှိတတ်တယ်။ ဒီနှစ်ဝင်ရောက် လုပ်ကိုင်တာတွေကလည်း တချို့လုပ်ငန်းတွေက အရင်နှစ်တွေထဲက ခွင့်ပြုပေးထားတာတွေလည်း ပါတယ်၊ တချို့နှစ်တွေမှာ ခွင့်ပြုလိုက်တဲ့ပမာဏထက် ပိုပြီးဝင်ရောက် လုပ်ကိုင်တက်တာလည်းရှိတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နှစ်အလိုက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများကို လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါး၊ ၂၀၁၅ ခု နှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံကျော်၊ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံခန့်၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံခန့်၊ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် စသည်ဖြင့် အသီးသီးဝင်ရောက်ထားကြောင်း DICA မှ သိရသည်။

Most Read

Most Recent