လီဆာ၏ တစ်ကိုယ်တော် တေးအယ်ဘမ် ကြိုတင်မှာယူမှု လေးရက်အတွင်း စံချိန်ချိုးခဲ့

လီဆာ၏ တစ်ကိုယ်တော် တေးအယ်ဘမ် ကြိုတင်မှာယူမှု လေးရက်အတွင်း စံချိန်ချိုးခဲ့
Published 1 September 2021

ကေပေါ့လောကတွင် အောင်မြင်မှုအခိုင်အမာရနေပြီဖြစ်သည့် BLACKPINK မိန်းကလေးအဆိုတော်အဖွဲ့မှ လီဆာသည် မကြာခင်ထွက်ရှိလာမည့် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ခွေအား ကြိုတင်မှာယူမှုစနစ်ဖြင့် ရောင်းချမှုတွင် လေးရက်တည်းနှင့် စံချိန်ချိုးထားလိုက်ပြီဖြစ်သည်။

YG Entertainment ၏အဆိုအရ လီဆာ၏ တစ်ကိုယ်တော်အယ်ဘမ်သစ်ဖြစ်သည့် Lalisa ကို သြဂုတ် ၂၆ ရက်တွင် ကြိုတင်မှာယူမှုစနစ်ဖြင့် စတင်ရောင်းချခဲ့ရာ သြဂုတ် ၃၀ ရက်တွင် ကြိုတင်ဝယ်ယူသည့် အယ်ဘမ်အချပ်ရေ ၇၀၀,၀၀၀ ကျော်ရှိခဲ့သည်။

အမျိုးသမီး ကေပေါ့အနုပညာရှင် တစ်ယောက်အတွက် အယ်ဘမ်သစ်ကို ရက်ပိုင်းအတွင်း အများဆုံး ကြိုတင်မှာယူမှုစနစ်ဖြင့် စံချိန်တင် ရောင်းချနိုင်မှုလည်းဖြစ်သည်။ ထို့ပြင် အခွေထွက်ရန် တစ်ပတ်ကျော် လိုသေးသည့်အတွက် ကြိုတင်မှာယူမှု အယ်ဘမ်အချပ်ရေ ထပ်တိုးလာဦးမည်ဖြစ်သည်။

ကြိုတင်မှာယူသူများထဲ တောင်ကိုရီးယား ပြည်တွင်းသာမက အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဥရောပနှင့် အရှေ့တောင်အာရှနိုင်ငံများမှလည်း ပါဝင်သည်။

အကနှင့် rap သီဆိုမှုအပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်လှသည့်လီဆာ၏ solo artist စွမ်းရည်များကို Lalisa အခွေတွင် မြင်တွေ့ရမည်ဖြစ်သည်။

Lalisa အခွေကို CD ၊ LP ၊ Kit Format သုံးမျိုးဖြင့်ရောင်းချထားပြီး ဂီတဝက်ဘ်ဆိုဒ်များပေါ်တွင် စက်တင်ဘာ ၁၀ ရက်မှစပြီး ဖြန့်ချိသွားမည်ဖြစ်သည်။

Most Read

Most Recent