ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဟိုပုံးကိုရင်လေး (ခ) အရှင်ပေါရိသ သည် COVID-19 ရောဂါဖြင့် ယနေ့ (စက်တင်ဘာ ၁ ရက်) မွန်းတည့် ၁၂ နာရီခန့်တွင် ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
ပျံလွန်တော်မူသွားသည့် ဟိုပုံးကိုရင်လေး၏ အန္တိမစျာပန ဆောင်ရွက်ရန် အစိုးရအဖွဲ့ တာဝန်ရှိသူများ ရောက်ရှိနေပြီး လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ယင်းနေရာ ရောက်ရှိနေသော ဟိုပုံးမြို့ခံတစ်ဦးက ပြောသည်။
“ ဟုတ်ပါတယ်။ ဒီနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်က ပျံလွန်တော် မူသွားပါတယ်။ အခု ဝန်ကြီးချုပ်တွေရော တိုင်းမှူးရော တာဝန်ရှိသူတွေ အကုန်ရောက်နေကြတယ်။ အဲဒီကိစ္စကို အခု ညှိနှိုင်းနေကြတုန်းပါပဲ”ဟု ယင်းနေရာသို့ ရောက်ရှိနေသည့် ဟိုပုံးမြို့ခံတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ ဗုဒ္ဓဘာသာ သာသနာပြုနေသည့် ကိုရင်လေး ပျံလွန်တော်မူသွားသည့်အတွက် PNO ဖြင့်သာမက ပအိုဝ်းပြည်သူလူထု တစ်ရပ်လုံးအတွက်ပါ များစွာ စိတ်မကောင်းဖြစ်ရကြောင်း PNO အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ပြောကြားကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။
ဟိုပုံးကိုရင်လေး အရှင်ပေါရိသသည် ပျံလွန်တော်မူချိန်တွင် သက်တော် (၄၈) နှစ် ရှိပြီဖြစ်ကာ ဟိုပုံးမြို့ရှိ ထမ်စမ်းဂူတွင် သီတင်းသုံး နေထိုင်ခြင်းဖြစ်ပြီး ထမ်စမ်းရွာအနီးရှိ ဟိုတိကျေးရွာတွင်လည်း မေတ္တာခမ်းတန် ကိုရင်လေးကျောင်း တည်ရှိသည်။
ဟိုပုံးကိုရင်လေးနှင့်အတူ ထမ်စမ်းလှိုဏ်ဂူသည် နာမည်ကျော်ကြားပြီး ပြည်တွင်းဘုရားဖူး ခရီးသွား ဧည်သည့်များ လာရောက်လည်ပတ် ဖူးမျှော်လေ့ရှိသော နေရာဖြစ်ကာ ထမ်စမ်းလှိုဏ်ဂူအနီးတွင် ရွှေတိဂုံပုံစံတူ စေတီတော်ကိုလည်း တည်ထား ကိုးကွယ်ထားသည်။















