ဘာပေအတွက် ရီးယဲလ်အသင်း၏ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို PSG အသင်း ထပ်မံပယ်ချခဲ့ကြောင်း Daily Mail ဖော်ပြ

ဘာပေအတွက် ရီးယဲလ်အသင်း၏ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို PSG အသင်း ထပ်မံပယ်ချခဲ့ကြောင်း Daily Mail ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 27 August 2021

ရီးယဲလ်အသင်းသည် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေအတွက် ယူရိုသန်း(၁၇၀+၁၀)သန်းဖြင့် ဒုတိယအကြိမ်ကမ်းလှမ်းမှုကို PSG အသင်းက ထပ်မံပယ်ချခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ဘာပေကိုခေါ်ယူရန် စျေးကွက်ပိတ်ခါနီးတွင် အရှိန်မြှင့်ကြိုးပမ်းလိမ့်မည်ဟု သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ယူရိုသန်း (၁၆၀)ဖြင့် စတင်ကမ်းလှမ်းခဲ့သည်။

သို့သော် PSG အသင်းက ပယ်ချခဲ့ပြီး ၎င်းတို့ကစားသမား၏ တန်ကြေးမှာ ယင်းထက်မကကြောင်း၊ ရောင်းချရန်လည်း အစီအစဉ်မရှိကြောင်း တုံ့ပြန်ခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ပြင် PSG အသင်းသည် ဘာပေကို ယူရိုသန်း(၂၂၀)ရရှိမှသာ ရောင်းထုတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း ပြင်သစ်သတင်းစာ L'Equipe က ဆိုသည်။

သို့ရာတွင် ရီးယဲလ်အသင်းက လက်လျှော့သွားခြင်းမရှိဘဲ ကြာသပတေးနေ့တွင် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုတစ်ကြိမ်ကမ်းလှမ်းမှုကိုလည်း PSG အသင်းက ပယ်ချခဲ့ပြီး ရီးယဲလ်အသင်း၏ လှုပ်ရှားမှုများမှာ ၎င်းတို့ကို လေးစားမှုမရှိဟု ယူဆနေကြောင်း သိရသည်။

သို့သော် စပိန်မီဒီယာများကမူ ရီးယဲလ်အသင်းသည် ဘာပေကို အရခေါ်ယူနိုင်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်းနှင့် စက်တင်ဘာ(၁၁)ရက် ဘာနေဗျူးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲ၌ စတင်ပွဲထုတ်ရန်ပင် စီစဉ်ထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

Most Read

Most Recent