မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏တွဲဆိုင်းပါဝင်သည့် Battleground III အမည်ရ MMA ပြိုင်ပွဲကို ယနေ့ ကျင်းပမည်

မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏တွဲဆိုင်းပါဝင်သည့် Battleground III အမည်ရ MMA ပြိုင်ပွဲကို ယနေ့ ကျင်းပမည်
Photo: onefc
Photo: onefc
Published 27 August 2021

မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏တွဲဆိုင်းပါဝင်သည့် Battleground III အမည်ရ MMA ပြိုင်ပွဲကို သြဂုတ် (၂၇)ရက် (ယနေ့) မြန်မာစံတော်ချိန် ည (၇)နာရီမှ စတင်ကာ စင်ကာပူနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ONE Championship သည် ယခုပြိုင်ပွဲတွင် တွဲဆိုင်း(၆)ပွဲထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံလုပွဲများ ပါဝင်ခြင်းမရှိဘဲ စိန်ခေါ်ပွဲ များသာ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မွေထိုင်းဖယ်သာဝိတ်တန်းအဖြစ် ထိုင်းနိုင်ငံသား (၂)ဦးဖြစ်သည့် ဆစ်သီချိုင်းနှင့် တာဝမ်ချိုင်းတို့က Main-Event အဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အခြားတွဲဆိုင်း (၅)ပွဲတွင် အမျိုးသား(၄)ပွဲ၊ အမျိုးသမီးတစ်ပွဲ ပါဝင်မည်ဖြစ်ပြီး အမျိုးသမီးတွဲဆိုင်းအဖြစ် ဗီယက်နမ်/အမေရိကန်နိုင်ငံသူ ဘီငုယင်နှင့် ဖိလစ်ပိုင်နိုင်ငံသူ ဂျီနယ်လင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အမျိုးသားတွဲဆိုင်းများအဖြစ် ထိုင်းနိုင်ငံသား ဒီဂျာဒမ်ရောင်နှင့် တရုတ်နိုင်ငံသား ဘန်မာ၊ တောင်ကိုရီးယားနိုင်ငံသား ဒေးဟွမ်ကင်နှင့် တရုတ်နိုင်ငံသား ရှီဝေ၊ မြန်မာနိုင်ငံသား ထီရယ်လ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်၊  မွန်ဂိုလီးယားနိုင်ငံသား ပူရော့ဗ်နှင့် အင်္ဂလန်နိုင်ငံသား ဘင်ရိုလေတို့ ထိုးသတ်မည်ဖြစ်သည်။

ထီရယ်လ်ထန်၏ တွဲဆိုင်းမှာ ဒုတိယမြောက်ပွဲဖြစ်သောကြောင့် မြန်မာစံတော်ချိန် ည(၇)နာရီ ခွဲဝန်းကျင်တွင် စတင်ထိုးသတ်ရဖွယ်ရှိနေသည်။

ထီရယ်လ်ထန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ONE Championship အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း (၃)ပွဲထိုးသတ်ထားရာ ပွဲတိုင်းအနိုင်ရထားသည်။

ထီရယ်လ်ထန်သည် နာမည်ကြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့်အတူ အမေရိကန်နိုင်ငံတွင် လေ့ကျင့်နေသူဖြစ်သည်။

Most Read

Most Recent