Red List နိုင်ငံများသို့ ကစားသမားများမစေလွှတ်ရန် ပရီးမီးယားလိဂ်ကလပ်အားလုံး သဘောတူဆုံးဖြတ်ခဲ့ပြီး FIFA နှင့် ထိပ်တိုက်တွေ့ဖွယ်ရှိ 

Red List နိုင်ငံများသို့ ကစားသမားများမစေလွှတ်ရန် ပရီးမီးယားလိဂ်ကလပ်အားလုံး သဘောတူဆုံးဖြတ်ခဲ့ပြီး FIFA နှင့် ထိပ်တိုက်တွေ့ဖွယ်ရှိ 
Photo: The Sun
Photo: The Sun
Published 26 August 2021

ပရီးမီးယားလိဂ်ကလပ်အသင်းများမှ အရေးပါသော တာဝန်ရှိသူများသည် ပြီးခဲ့သည့် သြဂုတ်(၂၄)ရက်နေ့ (အင်္ဂါနေ့)က အရေးပေါ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး လာမည့်လအတွင်း ကျင်းပမည့် နိုင်ငံတကာပွဲစဉ်များသို့ ကစားသမားအချို့အား မစေလွှတ်ရေးအတွက် တစ်ပြေးညီသဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ကစားရန်ရှိနေရာ ပရီးမီးယားလိဂ်ကစားသမားတော်တော်များများမှာ ၎င်းတို့၏ နိုင်ငံလက်ရွေးစင်အသင်းများသို့ ပူးပေါင်းပြီး ခြေစစ်ပွဲများ ကစားရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းစုံသို့ ပရီးမီးယားလိဂ်ကစားသမားများ သွားလာရမည်ဖြစ်ရာ အချို့သောနိုင်ငံများမှာ ဗြိတိန်အစိုးရက Red List သတ်မှတ်ထားသောနိုင်ငံများစာရင်းတွင် ပါဝင်နေသည်။

ဗြိတိန်အစိုးရသည် Red List သတ်မှတ်ထားသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်ချက်များအတိုင်း သီးခြားနေထိုင်မှုပြုလုပ်ရန် ညွှန်ကြားထားပြီး၊ ယင်းညွှန်ကြားချက်အရ ပရီးမီးယားလိဂ်ကစားသမားအများစုမှာ နိုင်ငံတကာပွဲများကစားပြီး ပြန်လာပါက Quarantine (၁၀)ရက်ကြာဝင်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ Quarantine ဝင်ရပါက ကလပ်အသင်း၏ပွဲစဉ်များကို လွဲချော်မည်ဖြစ်ရာ တာဝန်ရှိသူများက ကစားသမားများကိုစေလွှတ်ရန် ဆန္ဒမရှိဖြစ်နေခြင်းဖြစ်သည်။

သို့ ဖြစ်ရာ ကလပ်အသင်း (၂၀)မှ ထိပ်တန်းတာဝန်ရှိသူများ အရေးပေါ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး Red List သတ်မှတ်ထားသည့်နိုင်ငံများသို့ ကစားသမားများ မစေလွှတ်ရန်အတွက် အားလုံးသဘောတူညီမှု ရယူခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် Red List သတ်မှတ်ထားသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို Quarantine မဝင်စေဘဲ ကင်းလွတ်ခွင့်ပေးရန် ဗြိတိန်အစိုးရထံ အစောပိုင်းက တောင်းဆိုထားပြီး ယင်းအချက်မှာ အောင်မြင်မှုရရှိရန် အခွင့်အလမ်းနည်းနေကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲမှ ပြန်လာသောကစားသမားများကို ဗြိတိန်အစိုးရက အထူးကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့်ရာသီကလည်း အချို့သောပြိုင်ပွဲများတွင် ကင်းလွတ်ခွင့်ပြုခဲ့သည့် သာဓကများရှိ၍ ပရီးမီးယားလိဂ်တာဝန်ရှိသူများမှာ အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် မျှော်လင့်နေဆဲဖြစ်ကြောင်း သိရသည်။

အကယ်၍ Red List သတ်မှတ်ထားသည့်နိုင်ငံများသို့ ကစားသမားများ မစေလွှတ်ဖြစ်ခဲ့ပါက ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို လွဲချော်မည့် ပရီးမီးယားလိဂ်ကစားသမားမှာ (၆၀)ဦးခန့်အထိရှိနိုင်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အခြေအနေမျိုးဖြစ်ပေါ်လာပါက ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပွဲများကစားရန် ကြီးမှူးစီစဉ်နေသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် ထိပ်တိုက်တွေ့ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြကြသည်။

ဖီဖာအနေဖြင့်လည်း ယင်းကဲ့သို့မဖြစ်ပေါ်စေရန် ကလပ်အသင်းများ၊ သက်ဆိုင်ရာနိုင်ငံဘောလုံးအဖွဲ့ချုပ်များ၊ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံ ဆက်သွယ်ဆွေးနွေးနေကြောင်း သိရသည်။

Most Read

Most Recent