တာလီဘန်နှင့် တရုတ် ဆက်ဆံရေး

တာလီဘန်နှင့် တရုတ် ဆက်ဆံရေး
ဇူလိုင် ၂၈ ရက်က တာလီဘန် ပူးတွဲထူထောင်သူ မူလာအဗ္ဗဒူဂါနီဘရက်ဒါနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့  တရုတ်နိုင်ငံ ရှန်ကျင်း၌ တွေ့ဆုံစဉ် (Photo:AP)
ဇူလိုင် ၂၈ ရက်က တာလီဘန် ပူးတွဲထူထောင်သူ မူလာအဗ္ဗဒူဂါနီဘရက်ဒါနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့  တရုတ်နိုင်ငံ ရှန်ကျင်း၌ တွေ့ဆုံစဉ် (Photo:AP)
Published 23 August 2021

အာဖဂန်နစ္စတန်၏ အနာဂတ်ကာလ တည်ငြိမ်ရေးအတွက် ပိုင်းခြားစိတ်ဖြာသူများ တဖွဖွပြောနေသည့် အရေးကြီးကောက်ချက် တစ်ရပ်မှာ ‘ပထဝီဝင်နိုင်ငံရေး’ ထက် ‘ပထဝီဝင် စီးပွားရေး’ က ပို၍အရေးကြီးသည် ဆိုသောအချက် ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အသာစီးရလာပုံ တစ်နေ့ထက်တစ်နေ့ သိသာလာလေလေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့၏ ထိုကိစ္စရပ်အပေါ် ချဉ်းကပ်ကစားကွက် ဖော်ပုံများလည်း ပိုမိုထင်ရှားလာလေလေဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယတိုက်ငယ် (တောင်အာရှ) တို့ ဆက်စပ်ရာ ဤမဟာဗျူဟာမြောက်ဒေသ၏ ပထဝီဝင်နိုင်ငံရေးကို သုံးသပ်ဆောင်ရွက် အကောင်အထည်ဖော်ရာတွင် ခြေအပေါ်ဆုံး ဖြစ်နေ၏။

အာဖဂန်နစ္စတန်၌ ပေါ်ထွက်လာမည့် ဂိမ်းအသစ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေနှင့် အာဖဂန်နစ္စတန် စီးပွားရေးအဆောက်အအုံအတွက် အားလုံးသောပလေယာများ မဟာဗျူဟာမြောက် ပူးပေါင်းပါဝင်နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းသွားရန်လိုအပ်ပြီး အပြန်အလှန် ပူးတွဲဆောင်ရွက်ကြရာတွင် အစိုးရကဏ္ဍရော ပုဂ္ဂလိကကဏ္ဍပါ ယှဉ်တွဲဖွံ့ ဖြိုးတိုးတက်သွားစေရန် အရေးကြီးပါသည်။

ကျန်ရစ်အတိတ် လာလတ္တံ့အနာဂတ်

ပိုင်းခြားစိတ်ဖြာ သုံးသပ်သူများက ကံဆိုးရှာသည့် အာဖဂန်နစ္စတန်အနေနှင့် ကုန်လွန်ခဲ့သည့် နှစ်လေးဆယ်အတွင်း ပြည်တွင်းစစ် မီးတောက်လောင်ခဲ့ရုံမက စူပါ ပါ၀ါနှစ်နိုင်ငံဖြစ်သော ပထမဆိုဗီယက်ယူ နီယံနှင့် နောက်ထပ်အမေရိကန်တို့လက်အောက် ကျရောက်ခဲ့ခြင်းကိုပါ ရည်ညွှန်းထောက်ပြကြ၏။

ဆိုဗီယက်ယူနီယံအတွက် အာဖဂန်နစ္စတန်သည် အတွေးအခေါ်ပိုင်းသာမက ပထဝီနိုင်ငံရေးအရပါ လွှမ်းမိုးနိုင်ရေး လိုအပ်သည်။ အာဖဂန်နယ်စပ်တစ်လျှောက်တွင် ဆိုဗီယက်နှင့် အသွေးတူအမွေးတူ ‘ဆိုရှယ်လစ်သမ္မတ နိုင်ငံများ’ တည်ရှိနေကြသည်။

သို့သော် ဆိုဗီယက်တို့၏ အာဖဂန်နစ္စတန်သို့ ဝင်ရောက်ခဲ့ခြင်းသည် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်သာမက၊ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုသို့တိုင် အဓိကတွန်းအားပေးလိုက်သည့်အဖြစ်ဟု ဆိုနိုင်ပါသည်။

စစ်အေးကာလအတွင်း အမေရိကန်အဖို့ အာဖဂန်နစ္စတန်သည် ဆိုဗီယက်ကို အန်တုဖက်ပြိုင်ရန်လိုအပ်သည့် နယ်မြေတစ်ခုမျှသာ ဖြစ်ခဲ့သော်လည်း၊ ‘အကြမ်းဖက်မှု ဆန့်ကျင်ရေး စစ်ပွဲ’ တွင်မူ အကုန်အကျများလွန်းသည့် စစ်မြေပြင်တစ်ခုအဖြစ် ရောက်ရှိလာခဲ့သည်။ ထိုအဖြစ်ကို သမ္မတဘိုင်ဒင် ကိုယ်တိုင်က အမေရိကန်ဒေါ်လာ ထရီလျံ ချီသော ကုန်ကျစရိတ်နှင့် အမေရိကန်စစ်သား ထောင်ချီ၍ကျဆုံးခဲ့ရပုံကို ထုတ်ဖော်ပြောဆို လာခဲ့၏။

နဂါးခေါင်း ‘အလှုပ်’

ဤကာလတွင် အမေရိကန်တို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးထားလျက် လုံးလုံးလျားလျား ဆုတ်ခွာသွားကြမည်ဆိုလျှင် တရုတ်သည် အာဖဂန်နစ္စတန်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသော အကြီးဆုံးသော ပြင်ပအင်အားစုအဖြစ် ရောက်ရှိလာမည်ဟု ဝေဖန်သူများက သုံးသပ်ကြပါသည်။ မည်သို့ဆိုစေ တရုတ်တွက်နည်းကတော့ အရင့်အရင် ဆိုဗီယက်၊ အမေရိကန်တို့နှင့် တူညီမည် မဟုတ်ဘဲ အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေပြုမောင်းနှင်ခြင်းသည်သာ တရုတ်၏ လက်တွေ့အကျဆုံး မူဝါဒအဖြစ် မြင်တွေ့လာရန် ရှိပါသည်။

တရုတ်အတွက် ရင်ဆိုင်လာရနိုင်သည့် မြေပြင်အခြေအနေတစ်ရပ်မှာ အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ဖြစ်၏။ အယ်လ်ကေဒါအပါအဝင် အရှေ့တာကစ္စတန် အစ္စလာမ္မစ်လှုပ်ရှားမှု (East Turkistan Islamic Movement-ETIM) စသည့် အစွန်းရောက်များသည် သူ့နိုင်ငံတွင်း ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝီဂါခွဲထွက်ရေးသမားများနှင့် နီးနီးကပ်ကပ် ဆက်စပ်လျက် ရှိနေခြင်း ဖြစ်သည်။

သို့သော် ဘေဂျင်း၏အမြင်အရ ပိုမိုအရေးပါသည့်အချက်မှာ အာဖဂန်နစ္စတန်မြေအောက်ရှိ ကြွယ်ဝလှသော သယံဇာတတို့ကို တူးဖော်ထုတ်လုပ်နိုင်ရေး ဖြစ်သည်။ ထိုအချက်သည် စီးပွားရေးအတွက် ပဓာနကျသလို၊ သူ၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း ဖွံဖြိုးကြီးပွားလာရေးအတွက် အာဖဂန်နစ္စတန်၏ ပထဝီဝင်တည်နေရာကလည်း များစွာအရေးပါပါသည်။

အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် မြေအောက်သယံဇာတ အကြွယ်ဝဆုံးသော နယ်မြေတစ်ခုဖြစ်သည်။ ၂၀၀၇ ခုနှစ်က ကောက်ယူခဲ့သည့် အမေရိကန် ဘူမိဗေဒစစ်တမ်းအရ အာဖဂန်၏ နဂိုနေအတိုင်း မတူးဖော်ရသေးသည့် သယံဇာတတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ထရီလျံနီးပါး ရှိ၏။

သို့သော် နောက်ပိုင်းဆက်လက်လေ့လာမှုများအရ သယံဇာတများ၏တန်ဖိုးမှာ မူလခန့်မှန်းသည်ထက် အဆများစွာပိုလွန်ပြီး သုံးထရီလျံခန့် ရှိလိမ့်မည်။ တွင်းထွက်အမျိုးအစားအလိုက် အကြမ်းဖျင်းတွက်ချက်မှု တန်ဖိုး (အမေရိကန်ဒေါ်လာသန်း) များမှာ သံရိုင်း ၄၂၀ ဘီလျံ၊ ကြေးနီ ၂၇၄ ဘီလျံ၊ ရွှေရော သတ္တု ၂၅ ဘီလျံ၊ စူပါကွန်ဒပ်တာလုပ်သည့် နီယိုဘီယမ်သတ္တု ၈၁ ဘီလျံနှင့် ကိုဘော့ ၅၀ ဘီလျံတို့ ဖြစ်သည်။

ထို့ပြင် မတူးဖော်ရသေးသည့် အာဖဂန် ရေနံကြွယ်ဝမှုမှာ ခန့်မှန်းခြေစည်ပေါင်း ၁၅၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့သိုက် ကုဗပေပေါင်း ၁၅၆၈၇ ထရီလျံ ရှိပါသည်။

ဤရာစုတွင် အရေးကြီးဆုံး ‘ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်’ ဖြစ်သော ရှားပါးတန်ဖိုးကြီးမြေသား (Rare Earth Elements-REEs) တန်ပေါင်း ၁.၄ သန်းသည် အာဖဂန်နစ္စတန်၏ ပိုင်နက်မြေ၌ တည်ရှိနေ၏။

သတ္တုကြွယ်ဝသည့် အာဖဂန်နစ္စတန်

ယနေ့ကမ္ဘာ့ကုန်ချောထုတ်လုပ်ရေး၌ REEs သည် မဟာဗျူဟာမြောက် အရေးကြီးဆုံးသော မရှိမဖြစ်သယံဇာတဖြစ်၏။ ခေတ်မီနည်းပညာ၏ ကုန်ထွက်များဖြစ်သော ဆဲလ်ဖုန်းများ၊ ရုပ်မြင်သံကြားစက်များ၊ မျိုးစပ်အင်ဂျင်များ၊ ကွန်ပျူတာအစိတ်အပိုင်းများ၊ လေဆာဓာတ်ပြားများ၊ ဖိုင်ဘာဆက်ကြောင်းများနှင့် စူပါလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရန်အတွက် REEs သတ္တုမြေက အဓိကဇာတ်လိုက် ဖြစ်သည်။

ထို့ကြောင့် REEs သည် အမျိုးသားလုံခြုံရေးဆိုင်ရာ ကုန်စည်တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီး တင့်ကားယန္တရားများ ထိန်းချုပ်ရေးစနစ်၊ ဒုံးကျည်လမ်းညွှန်စနစ်၊ တိုက်လေယာဉ် အင်ဂျင်များ၊ ဒုံးကျည်ကာကွယ်ရေးဆက်စပ် ပစ္စည်းများ၊ ဂြိုဟ်တုများ၊ စစ်ဆင်ရေးအဆင့်သုံး ဆက်သွယ်ရေးပစ္စည်းများအတွက် အရေးကြီးပစ္စည်း ဖြစ်နေသည်။

တစ်ခုသတိပြုရန်မှာ လက်ရှိကာလ၌ တရုတ်သည် ကမ္ဘာ့ REEs စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်။ ကမ္ဘာ့ ကုန်ထုတ်လုပ်ငန်းအသီးသီးသို့ ပြိုင်ဘက်မရှိ တစ်ဦးတည်းသော သွင်းအားစုပိုင်ရှင်ဖြစ်သည့်အတွက် အရေးကြုံလာပါက ပထဝီနိုင်ငံရေးဆိုင်ရာ လက်နက်တစ်ခုအဖြစ် မဆိုင်းမတွ အသုံးချသွားနိုင်၏။ ဘေဂျင်းအနေနှင့် ကမ္ဘာလုံးဆိုင်ရာ REEs စျေးကွက်ကို တင်ပို့ရောင်းချရာတွင် အနှေးအမြန်၊ အပိတ်အဆို့ လိုသလို ‘ကစား’ နိုင်သည့် အခြေအနေ ဖြစ်သည်။

ဥပမာအားဖြင့် တရုတ်သည် အငြင်းပွားနေသည့် ရေကြောင်းပိုင်ဆိုင်မှု ကျွန်းများ အရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံရှိ သူ၏ဖောက်သည်များထံ REEs မရောင်းချရန် ဆုံးဖြတ်ချက်မျိုး ချမှတ်သွားနိုင်ဖွယ် ရှိ၏။ ထိုကောက်ချက်ကို အလွယ်ချသည် မဟုတ်ပါ။ ကမ္ဘာ့ REEs ၏ ရာနှုန်းပြည့် အရောင်းသမား တရုတ်နိုင်ငံက သဘာဝဝန်းကျင်ထိန်းသိမ်းရေး အကြောင်းပြချက်ဖြင့် ယခင်လို ၉၅ ရာခိုင်နှုန်းကျော်မရောင်းတော့ဘဲ ၂၀၁၀ ပြည့်နှစ်၌ ၇၂ ရာခိုင်နှုန်း၊ ပြည်ပပို့နှုန်းထားကို ၂၀၁၁ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းထိ ဖြတ်တောက်ခဲ့ဖူး၏။

REEs အခြေပြုကုန်ချောထုတ်လုပ်သည့် ကုမ္ပဏီကြီးများအနေနှင့် အခြားထောက်ပ့ံရေးရင်းမြစ်များကို လိုက်လံရာဖွေရာ ဘရာဇီး၊ ကနေဒါ၊ ဗီယက်နမ်၊ မွန်ဂိုလီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၌ တူးဖော်ရရှိနိုင်သော်လည်း တရုတ်နိုင်ငံသည်သာ အဓိက REEs ပိုင်ရှင်အဖြစ် တည်တ့ံဆဲ ဖြစ်သည်။ အကယ်၍ အာဖဂန်နစ္စတန်ရှိ REEs များကို တရုတ်ကုမ္ပဏီများသာ တူးဖော်ခွင့်ရခဲ့လျှင် မဟာဗျူဟာမြောက်သတ္တုများ အလုံးအရင်းလိုက် သူ့လက်ထဲတွင် ရှိနေပါလိမ့်မည်။

တရုတ်၏ စီးပွားရေး ‘ဂိမ်း’

ဖော်ပြခဲ့သည့် အကြောင်းခြင်းရာများက တရုတ်အနေနှင့် သတ္တုသယံဇာတ ပေါကြွယ်ဝသည့် အာဖဂန်နစ္စတန်ဖွံ့ဖြိုးရေးအတွက် အဘယ်ကြောင့် စိတ်အားထက်သန်နေကြောင်း ရှင်းပြနိုင်ပါလိမ့်မည်။ တရုတ်အနေနှင့် အာဖဂန်နယ်စပ်တစ်လျှောက်တွင် စက်မှုဇုန်များ အပြိုင်းအရိုင်း တည်ထောင်ခဲ့ပြီးဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းသည့် အခြားနိုင်ငံကြီးများအဖို့ ကိုဗစ် - ၁၉ လှိုင်းလုံးများအကြား အသည်းအသန် ရုန်းကန်နေရချိန်တွင် တရုတ်၏ ဧရာမရင်းမြစ်များက အာဖဂန်နစ္စတန်တွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အပြေးအလွှားဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် အာဖဂန်နစ္စတန်၏ တစ်ခုတည်းသော အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူမှာ တရုတ် ဖြစ်လာသည်။ မကြာမီနှစ်များအတွင်း တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းစုမှ ဂျီယန်ဇီကြေးနီကော်ပိုရေးရှင်းနှင့် ဇီဂျင်းသတ္တုတူးဖော်ရေးအုပ်စုတို့သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလျံ (သန်းပေါင်း ၃၅၀၀) တန်ဖိုးရှိ စျေးပြိုင်လေလံ ‘အောင်’ ခဲ့ကြသည်။ အာဖဂန်နိုင်ငံအရှေ့ အလယ်ပိုင်း လိုဂါဒေသရှိ ကမ္ဘာတွင် ဖွံ့ဖြိုးမှု နောက်အကျဆုံး ဧနက်ကြေးနီမိုင်းကို အဆင့်မြှင့်တင်ရန် ဖြစ်၏။ သမိုင်းတစ်လျှောက် အာဖဂန်နိုင်ငံတွင်း အကြီးမားဆုံး ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ အလားတူ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ကလည်း ၂၅ နှစ်စာ ရေနံတူး ဖော်ခွင့်ကန်ထရိုက် ရရှိထား၏။

ထိုသဘောတူညီချက်နှင့် ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်အနေနှင့် အမေရိကန် ကျောထောက်နောက်ခံ သမ္မတဂါနီလက်ထက်၌ ဆက်စပ်ခဲ့မှုများ ဖြစ်သည်။ အကယ်၍ ကဘူး၌ ယခုလို အစိုးရအပြောင်းအလဲဖြစ်ချိန်တွင် တာလီဘန်တို့က တင်ဒါအားလုံးကို ဖျက်သိမ်းခဲ့လျှင် ဤဇာတ်လမ်းမည်သို့ ဆက်ကြမည်နည်း။

သို့သော် တရုတ်ဖက်က ထိုလုပ်ငန်းများကို သွက်သွက်လက်လက် ဝင်ရောက်အကောင်အထည်မဖော်ခဲ့ကြပေ။ ဘေဂျင်း၏ ချင့်ချင့် ချိန်ချိန် ဆုံးဖြတ်ချိန် နှေးကွေးမှုရှိခဲ့သလို အာဖဂန်ဖက်၌လည်း လုံခြုံရေးအခြေအနေ ဆိုးရွားလာခြင်း၊ စီးပွားရေးလုပ်ကွက်အတွက် အဆင့်ဆင့်သော အာဖဂန်အရာရှိများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု များပြားနေခြင်းတို့က စာရွက်ပေါ်မှသည် လက်တွေ့ဆီသို့ ခရီးမပေါက်ခဲ့ကြပါ။

ဘေဂျင်းနှင့် တာလီဘန်တို့ လေချိုအသွေး

အာဖဂန်နစ္စတန်နိုင်ငံအတွင်း အာဏာအပြောင်းအလဲ မြေကြီးလက်ခတ်မလွဲ ပေါ်ပေါက်လာတော့မည်ဟု သုံးသပ်မိသည့်အလျောက် တရုတ်တို့သည် တာလီဘန်အတွက် ရွှေတံခါးကြီး ဓလှပ်ဓပြခဲ့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တာလီဘန်အဖွဲ့ တည်ထောင်ခဲ့သူ ဒုတိယခေါင်းဆောင် မူလာအဗ္ဗဒူ ဂါနီဘာရာဒါဦးဆောင်သည့် အာဖဂန်တာလီဘန် ကိုယ်စားလှယ် ကိုးယောက်နှင့် တရားဝင်အဆင့်မြင့် အစည်းအဝေး ကျင်းပခဲ့၏။

တကယ်တော့ တာလီဘန်ကိုယ်စားလှယ်များအနေနှင့် တရုတ်ပြည်သို့ လာရောက်လည်ပတ်ခဲ့ကြသည်မှာ ဤအကြိမ်သည် ပထမဆုံးအခေါက် မဟုတ်ပါ။ သို့သော် တရုတ်အဆင့်မြင့်အရာရှိများ တက်ရောက်ဆွေးနွေးသည့် အစည်းအဝေးကို မီဒီယာသို့ ‘ပေးသိ’ ခဲ့ခြင်းဖြစ်၏။ အတွင်းစကားများအရ ဝမ်ယီက တာလီဘန်တို့ကို အာဖဂန်နစ္စတန် ပြည်တွင်း တရားဝင်အင်အားစုအဖြစ် အသိအမှတ်ပြုရုံမက ဤတွေ့ဆုံမှုကို အရင်းပြုလျက် အနာဂတ်နိုင်ငံဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အမှတ်လက္ခဏာဖြစ်အောင် ခြေတစ်လှမ်းတိုးခဲ့ခြင်းဟု ဆိုကြသည်။

တာလီဘန်တို့က အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို လူသိရှင်ကြားကြိုဆိုခဲ့ပြီး၊ သူတို့အနေနှင့် တရုတ်ပြည်မှ လာရောက်ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များရော၊ လုပ်ကွက်ဖော်ကြမည့် တရုတ်လုပ်သားများကိုပါ လုံခြုံရေးအာမခံချက်ပေးမည်ဖြစ်ကြောင်း တာဝန်ခံခဲ့ကြသည်။

တာလီဘန်တို့ မြို့တော်ကဘူးရှိ သမ္မတနန်းတော်ကို သိမ်းပိုက်ပြီး နှစ်ရက်အကြာ၊ သြဂုတ် ၁၇ ရက်တွင် အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဝန်ယုက ‘တရုတ်သံရုံး ပုံမှန်လည်ပတ်လျက်ရှိကြောင်း၊ တာလီဘန်တို့က သံရုံးလုံခြုံရေးကို အပြည့်အဝ အာမခံချက် ပေးထားကြောင်းနှင့် သူသိရသလောက် ရုရှား၊ ပါကစ္စတန်နှင့် အီရန်သံရုံးများလည်း ပုံမှန်လည်ပတ်နေကြကြောင်း’ ပြောကြားခဲ့၏။

သံအမတ်ကြီး၏ ဖုန်းကင်မရာမှတစ်ဆင့် လူမှုမီဒီယာသို့ တက်လာသည့် တရုတ်သံရုံး လျှပ်တပြက်ဓာတ်ပုံ၌ လင်းလင်းချင်းချင်း ကဘူးကောင်းကင်ပြာပြာအောက်တွင် အနီရဲရဲ တရုတ်အလံတော်က လေထဲတလူ လူလွင့်လျက်။