■ တစ်နေ့နေ့တွင် ဘောလုံးစူပါစတား၏ ပုံတူမျိုးပွားမှုများ ပြုလုပ်လာနိုင်သည်ဟု မက်ဆီသုတ်ခဲ့သည့် တစ်ရှူးကို လေလံတင်သူ ပြောကြား

■ တစ်နေ့နေ့တွင် ဘောလုံးစူပါစတား၏ ပုံတူမျိုးပွားမှုများ ပြုလုပ်လာနိုင်သည်ဟု မက်ဆီသုတ်ခဲ့သည့် တစ်ရှူးကို လေလံတင်သူ ပြောကြား
Published 19 August 2021

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဘောလုံးစူပါစတား၏ပုံတူမျိုးပွားမှုများ ပြုလုပ်လာနိုင်သည်ဟု မက်ဆီသုတ်ခဲ့သည့် တစ်ရှူးကို လေလံတင်သက ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် နူးကမ့်ကွင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နာမည်ကျော်ဘောလုံးသမား မက်ဆီ အသုံးပြုခဲ့သော တစ်ရှူးကို နိုင်ငံတကာလေလံဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Meikeduo ၌ ဒေါ်လာ (၁)သန်းဖြင့် လေလံတင်ရောင်းချနေကြောင်း ဥရောပအားကစားမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ ကြသည်။ 

မက်ဆီသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် သြဂုတ်လ (၈)ရက်တွင် ဘာစီလိုနာအသင်း၏အိမ်ကွင်း နူးကမ့်ကွင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မက်ဆီသည် စတင်ကတည်းက ငိုကြွေးခဲ့သဖြင့် သူ၏ဇနီးဖြစ်သူ အန်တိုနယ်လာက တစ်ရှူး ကမ်းပေးခဲ့သည်။ 

မက်ဆီသည် အန်တိုနယ်လာ ကမ်းပေးသည့်တစ်ရှူးဖြင့် သတင်းရှင်းလင်းပွဲတစ်လျှောက် ကျဆင်းခဲ့သည့် မျက်ရည်နှင့် နှာရည်များကို သုတ်သင်ရှင်းလင်းခဲ့သည်။ 

ထို့နောက် သတင်းစာရှင်းလင်းပွဲအပြီးတွင် မက်ဆီသည် ယင်းတစ်ရှူးကို လွှင့်ပစ်ခဲ့ရာ အဆိုပါသတင်းစာရှင်းလင်းပွဲ၏ ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးက ယူဆောင်သွားခဲ့ကြောင်း Complete Sports က ဖော်ပြခဲ့သည်။ 

ယင်းအမျိုးသားအမည်ကို ထုတ်ဖော်ခြင်းမရှိဘဲ မက်ဆီ မျက်ရည်သုတ်ခဲ့သည့် တစ်ရှူးကို Meikeduo ဝက်ဘ်ဆိုက်တွင် ဒေါ်လာ (၁)သန်းဖြင့် လေလံတင်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် ၎င်းက အဆိုပါတစ်ရှူးတွင် မက်ဆီ၏ DNA ပါဝင်နေသည့်အတွက် လုံးဝစျေးလျှော့မည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။ 

Meikeduo  တွင် မက်ဆီ မျက်ရည်သုတ်ခဲ့သည့် တစ်ရှူးနှင့်အတူ ''မက်ဆီ၏ DNA များပါဝင်ပြီး မက်ဆီ ကိုယ်ပွားများ ဖြစ်လာနိုင်သည်''ဟု ဖော်ပြထားကြောင်း သိရသည်။ 

Most Read

Most Recent