မော်ရင်ဟို ထွက်သွားစဉ်တုန်းကကဲ့သို့ပင် ကွန်တီ ထွက်သွားပြီးနောက် အင်တာမီလန် ပျက်စီးသွားနိုင်ပြီး ချန်ပီယံပုံရိပ်မျိုးမရှိတော့ဟု ရာနီရေးရီဆို

မော်ရင်ဟို ထွက်သွားစဉ်တုန်းကကဲ့သို့ပင် ကွန်တီ ထွက်သွားပြီးနောက် အင်တာမီလန် ပျက်စီးသွားနိုင်ပြီး ချန်ပီယံပုံရိပ်မျိုးမရှိတော့ဟု ရာနီရေးရီဆို
Photo: Getty Images
Photo: Getty Images
Published 16 August 2021

ချယ်လ်ဆီး၊ အင်တာမီလန်တို့ အပါအဝင် ထိပ်တန်းကလပ်အသင်းများစွာကို နည်းပြခဲ့ဖူးသည့် အီတလီနာမည်ကျော်နည်းပြ ကလော်ဒီယိုရာနီရေးရီက အင်တာမီလန်အသင်းသည် ၂၀၁၀ ခုနှစ်က မော်ရင်ဟို ထွက်ခွာသွားခဲ့စဉ်တုန်းကအခြေအနေမျိုးကို ယခု ကွန်တီထွက်ခွာသွားချိန်တွင်လည်း ကြုံတွေ့နေရသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အီတလီနာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သည့် Gazzetta dello Sport က လာမည့်ရာသီ စီးရီးအေအနေအထားနှင့် ပတ်သက်ပြီး ရာနီရေးရီနှင့် အင်တာဗျူးပြုလုပ်ခဲ့ရာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အင်တာမီလန်အသင်းသည် (၂)လတာ အချိန်အတွင်း စကူဒက်တိုချန်ပီယံအသင်းတစ်သင်းအနေအထားကို ကိုယ်တိုင်ဖျက်ဆီးနေကြောင်းလည်း ဝေဖန်ခဲ့သည်။

အင်တာမီလန်အသင်းသည် ကွန်တီ ထွက်ခွာသွားပြီးနောက်တွင် ပြီးခဲ့သည့်ရာသီက အကောင်းဆုံးပုံစံပြသခဲ့သည့် ကစားသမားနှစ်ဦးဖြစ်သည့် လူကာကူနှင့် ဟာကီမီတို့ကိုလည်း ဆုံးရှုံးခဲ့ပြီး ၎င်းတို့နေရာတွင် ရိုးမားအသင်းထံမှ ဂျက်ကိုနှင့် PSV အသင်း၏ နယ်သာလန်လူငယ်ကြယ်ပွင့် ဒမ်ဖရိုင်းစ်တို့အား တိုက်ရိုက်အစားထိုးနိုင်ခဲ့သည်။

သို့ရာတွင် ရာနီရေးရီကမူ ''ကွန်တီ ထွက်ခွာသွားခဲ့တာက အင်တာမီလန် ဘာတွေဖြစ်လာမလဲဆိုတဲ့ အရာအတွက် အချက်ပေးမှု တစ်ခုလိုပဲ။ ကွန်တီ၊ ပြီးတော့ ဟာကီမီနဲ့ အခု လူကာကူတို့ ထွက်သွားတယ်။ အချိန် (၂)လလောက်အတွင်းမှာ အင်တာမီလန်အသင်းဟာ စကူဒက်တိုချန်ပီယံအသင်းတစ်သင်းရဲ့ ပုံရိပ်ပျောက်ဆုံးသွားခဲ့တယ်။ အင်တာမီလန်အသင်းဟာ မော်ရင်ဟို ၂၀၁၀ တုန်းက ထွက်ခွာသွားပြီးနောက်ပိုင်း အောင်မြင်မှုပြန်ရဖို့ အချိန်အကြာကြီး ပြန်စောင့်ခဲ့ရသလိုပဲ အခု ကွန်တီထွက်သွားပြီးချိန်မှာလည်း ဒီလိုအခြေအနေမျိုး ပြန်ဖြစ်သွားနိုင်တယ်''ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ရာနီရေးရီက လူကာကူကို ရောင်းထုတ်ခဲ့ခြင်းသည် အင်တာမီလန်အသင်းအတွက် အလွန်နစ်နာသည်ဟုလည်း ဆိုခဲ့သည်။

ရာနီရေးရီက ''လူကာကူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတင် မဟုတ်ဘူး၊ အင်တာမီလန်အသင်းအတွက် ထိပ်တန်းဂိုးသွင်းရှင်တင်မဟုတ်ဘူး၊ အင်တာမီလန်ကစားဟန်အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent