■ မန်ယူအသင်း၌ ဗာရန်း ရွေးချယ်သည့်နံပါတ်(၁၉)မှာ ရီးယဲလ်တွင် ပထမဆုံးဝတ်ဆင်သည့်နံပါတ်ဖြစ်

■ မန်ယူအသင်း၌ ဗာရန်း ရွေးချယ်သည့်နံပါတ်(၁၉)မှာ ရီးယဲလ်တွင် ပထမဆုံးဝတ်ဆင်သည့်နံပါတ်ဖြစ်
Published 16 August 2021

မန်ယူအသင်းတွင် ဗာရန်းဝတ်ဆင်ကစားမည့် ကျောနံပါတ်(၁၉)သည် ၂၀၁၁ ခုနှစ်တွင် လန်းစ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် ရီးယဲလ်အသင်း၌ ပထမဆုံး ဝတ်ဆင်ခဲ့သည့်နံပါတ်ဖြစ်သည်။

ယင်းနောက်တွင် ရီးယဲလ်အသင်း၌ ကျောနံပါတ်(၂)နှင့် (၅)ဂျာစီများကို ဝတ်ဆင်ကစားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတွင် ပြီးခဲ့သည့် ရာသီက ကျောနံပါတ် (၁၉)ကို ဒီယာလိုက ဝတ်ဆင်ခဲ့သည်။

မန်ယူအသင်းသည် သြဂုတ်လ(၁၄)ရက်က ကစားခဲ့သည့် လိဒ်စ်အသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်မီ ဗာရန်းကို အသင်းပရိသတ်နှင့် တရားဝင်မိတ်ဆက်ခဲ့ပြီး ယင်းနေ့၌ပင် အပြောင်းအရွှေ့ကို အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

အသက်(၂၈)နှစ်အရွယ်ရှိ ဗာရန်းသည် မန်ယူအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ပေါင် (၃၄) သန်း+ Add-ons ကြေး ပေါင် (၈) သန်းဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဗာရန်း၏ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဖလား(၄)ကြိမ်၊ လာလီဂါဖလား(၃)ကြိမ်နှင့် ကမ္ဘာ့ဖလား (၁)ကြိမ်ရရှိမှုအပါအဝင် စုစုပေါင်းဖလား (၁၉)လုံး ရယူထားနိုင်ခဲ့ခြင်းဖြစ်သည်။

ဗာရန်းက ''မန်ချက်စတာယူနိုက်တက်အသင်းဆိုတာ ကမ္ဘာ့ဘောလုံးရဲ့ ချီးကျူးအမွှမ်းတင်ခံရဆုံးအသင်းတစ်သင်းပါ။ ဒီအသင်းထံလာဖို့နဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရမယ့်အခွင့်အရေးကောင်းကို ကျွန်တော် မပယ်ချနိုင်ခဲ့ပါဘူး။ ဒီအပြောင်းအရွှေ့က အဲဒီထက် အများကြီးပိုပါတယ်။ ဒါကတော့ ကျွန်တော်က ကစားသမားဘဝမှာ အောင်မြင်မှုရချင်ပြီး ပွဲတွေအနိုင်ရဖို့နဲ့ ဆုဖလားရဖို့ အားလုံးမှာ တူညီတဲ့ဆုံးဖြတ်ချက်တွေရှိနေတဲ့အပြင် ကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေနဲ့ ပြည့်နေတဲ့ အသင်းတစ်သင်းနဲ့ ပူးပေါင်းမိပြီဆိုတာလည်း ကျွန်တော် သိပါတယ်။ မန်နေဂျာနဲ့ စကားပြောကြည့်ချိန်မှာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ခဲ့သလဲဆိုတာ ကျွန်တော် တွေ့ခဲ့ရပြီး အခုချိန်မှာတော့ အမြင့်ဆုံးအဆင့်မှာကစားဖို့ အသင့်ရှိနေတဲ့ အုပ်စုတစ်ခုနဲ့ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် အကျိုးပြုနိုင်သူဖြစ်ချင်ပါတယ်။ အသင်းရဲ့အထင်ကရသမိုင်းကြောင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်လာလို့ အရာအားလုံးပေးဆပ်သွားမှာပါ''ဟု အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

Most Read

Most Recent