အာရိုးလ်စပင့်၏မျက်လုံးဒဏ်ရာကြောင့် ကျူးဘားလက်ဝှေ့သမားဂျော်ဒန်းနစ်အူဂတ်စ်နှင့် ပက်ကီယောင်း အစားထိုး ထိုးသတ်မည်

အာရိုးလ်စပင့်၏မျက်လုံးဒဏ်ရာကြောင့် ကျူးဘားလက်ဝှေ့သမားဂျော်ဒန်းနစ်အူဂတ်စ်နှင့် ပက်ကီယောင်း အစားထိုး ထိုးသတ်မည်
Photo: Getty Images
Photo: Getty Images
Published 15 August 2021

 

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းသည် သြဂုတ်လ (၂၁) ရက်တွင် WBC နှင့် IBF ဝယ်လ်တာဝိတ်တန်းချန်ပီယံ အမေရိကန်လက်ဝှေ့သမား အာရိုးလ်စပင့်နှင့် ထိုးသတ်ရန်စီစဉ်ထားသော်လည်း စပင့်၏ မျက်လုံးဒဏ်ရာကြောင့် ပွဲပျက်ပြယ်ခဲ့ကြောင်း သိရသည်။ 

ပက်ကီယောင်းသည် ယင်းနေ့မှာပင် WBA (Super) ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်သူ ကျူးဘားလက်ဝှေ့သမား ဂျော်ဒန်းနစ်အူးဂတ်စ်နှင့် အစားထိုးထိုးသတ်ရန် စီစဉ်ခဲ့ပြီး အဆိုပါပွဲကို အမေရိကန်နိုင်ငံ၊ ပါရာဒိုက်မြို့ရှိ T-Mobile Arena ၌ပင် ပြုလုပ်သွားမည် ဖြစ်သည်။

" သြဂုတ်လ (၂၁) ရက်မှာ မန်းနီပက်ကီယောင်းနဲ့ မထိုးသတ်ရတဲ့အတွက် အရမ်းပဲ စိတ်ပျက်မိပါတယ်။ ဒီပွဲအတွက် ကျွန်တော် စိတ်လှုပ်ရှားနေခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ ဘယ်ဘက်မျက်လုံးရဲ့အမြင်လွှာမှာ ဆရာဝန်တွေက မျက်ရည်စတွေ့ရှိခဲ့ပြီး ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမျက်လုံးအနေအထားနဲ့ ပွဲထိုးသတ်ဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု စပင့်က ပြောကြားခဲ့သည်။ 

စပင့်သည် ပြီးခဲ့သည့်တနင်္လာနေ့က လက်ဗီးဂတ်စ်မြို့၌ နီဗားဒါးအားကစားကော်မရှင်မှ ပြုလုပ်သော ပွဲကြိုဆေးစစ်မှုတွင် မျက်ကြည်လွှာ၌ မျက်ရည်စတစ်စ တွေ့ရှိခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စပင့်သည် ကုသမှုခံယူရန် တက္ကဆက်ပြည်နယ်ရှိ သူ၏နေအိမ်သို့ ပြန်သွားခဲ့သည်။

စပင့်၏နေရာတွင် အစားထိုးထိုးသတ်မည့် အူးဂတ်စ်သည် အသက် (၃၅) နှစ်အရွယ် ရှိပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၆ ရက်တွင် WBA (Regular) ချန်ပီယံဖြစ်လာခဲ့သည်။ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ပက်ကီယောင်းသည် လက်ဝှေ့လှုပ်ရှားမှုမရှိ သဖြင့် WBA (Super) ချန်ပီယံရွှေခါးပတ် ရုပ်သိမ်းခံခဲ့ရပြီး ယင်းခါးပတ်ကို အူးဂတ်စ်ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ 

အစောပိုင်းက စီစဉ်ထားမှုတွင် ပက်ကီယောင်း-စပင့်ပွဲ၏ Undercard အဖြစ် အူးဂတ်စ်ထိုးသတ်မည့်ပွဲ ပါဝင်ခဲ့ပြီး ယခုအခါ  ယင်းပွဲအစား နာမည်ကြီး ပက်ကီယောင်းနှင့် ပထမဆုံးချန်ပီယံကာကွယ် ပွဲအဖြစ် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent