■ လာလီဂါအဖွဲ့ချုပ်နှင့် CVC ကုမ္ပဏီကို တရားစွဲဆိုသွားမည်ဟု ရီးယဲလ်မက်ဒရစ်အသင်း ကြေညာ

■ လာလီဂါအဖွဲ့ချုပ်နှင့် CVC ကုမ္ပဏီကို တရားစွဲဆိုသွားမည်ဟု ရီးယဲလ်မက်ဒရစ်အသင်း ကြေညာ
Published 12 August 2021

ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါအဖွဲ့ချုပ်နှင့် လာလီဂါပြိုင်ပွဲ၏ ရှယ်ယာရှင်အသစ်ဖြစ်သည့်  CVC Capital Partners ကုမ္ပဏီတို့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၀ ရက်က အတည်ပြုကြေညာခဲ့သည်။

ရီးယဲလ်အသင်းအနေဖြင့် တရားစွဲဆိုရန် ပြီးခဲ့သည့်အပတ်ကတည်းက စီစဉ်နေခြင်းဖြစ်ပြီး ယခုအပတ်တွင်မှ တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

လာလီဂါအဖွဲ့ချုပ်သည် ရှယ်ယာ (၁၀%)ကို CVC Capital Partners ထံ ရောင်းချခဲ့ကြောင်း သြဂုတ်လ ၃ ရက်က ကြေညာခဲ့ပြီး ယင်းအစီအစဉ်ကို ရီးယဲလ်အပါအဝင် လာလီဂါထိပ်သီးအသင်းအချို့ ကြိုမသိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ယခုကဲ့သို့ ရှယ်ယာရောင်းချခြင်းကြောင့် ၎င်းတို့၏အခွင့်အလမ်းများကို ထိခိုက်စေနိုင်သည်ဟု ရီးယဲလ်အသင်းက ယူဆသည့်အတွက် တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လာလီဂါအဖွဲ့ ချုပ်သည် ရှယ်ယာရောင်းချရန် သဘောတူညီမှုရရှိခြင်းကို ဦးစွာကြေညာခဲ့ပြီး ကလပ်အသင်းများ၏ဆန္ဒသဘောထားကို နောက်ပိုင်းမှ တောင်းခံရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းကဲ့သို့ သဘောထားတောင်းခံခဲ့ပါက ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့၏ ကန့်ကွက်မှုကို ရင်ဆိုင်ရနိုင်ကြောင်း ကြိုတင်တွက်ဆထားသော်လည်း ဆန္ဒမဲအများစုဖြင့် အတည်ပြုနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်းလည်း El Independiete သတင်းဌာနက ဖော်ပြခဲ့သည်။

ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့သည် ဥရောပစူပါလိဂ်ပြိုင်ပွဲထူထောင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် လာလီဂါအဖွဲ့ချုပ်နှင့် အကြိတ်အခဲဖြစ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent