ဟဲဗီးမက်တယ်တေးဂီတအဖွဲ့ Slipknot တည်ထောင်သူ ဒရမ်သမား Koey Jordison ကွယ်လွန်

ဟဲဗီးမက်တယ်တေးဂီတအဖွဲ့ Slipknot တည်ထောင်သူ ဒရမ်သမား Koey Jordison ကွယ်လွန်
Published 28 July 2021

အမေရိကန် ဟဲဗီးမက်တယ်တေးဂီတအဖွဲ့ Slipknot ကို တည်ထောင်သူများထဲက တစ်ဦးဖြစ်သည့် ဒရမ်သမား ဂျိုဝီဂျော်ဒီဆန် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများက ကြေညာထားသည်။

အသက်  ၄၆ နှစ်အရွယ်ရှိ ဂျော်ဒီဆန်သည် အိပ်စက်နေရင်း အေးချမ်းစွာ ကွယ်လွန်သွားကြောင်း မိသားစုက ဆိုသည်။ သေဆုံးသည့်အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဂျော်ဒီဆန်သည် Slipknot မက်တယ်ဂီတအဖွဲ့ကို ပတ်ကားရှင်းတီးခတ်သူ Shawn Cruhan ၊ ဘေ့စ်ဂီတာသမား Paul Gray တို့နှင့်အတူ ၁၉၉၅  ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

တည်ထောင်ပြီး လေးနှစ်အကြာတွင် Slipknot အမည်ဖြင့်ပင် ပွဲဦးထွက်စတူဒီယို အယ်လ်ဘမ်ကို ထုတ်ဝေလိုက်ပြီး အောင်မြင်မှုရခဲ့သည်။

Slipknot တေးဂီတအဖွဲ့ကထုတ်သည့် တေးအယ်လ်ဘမ်များသည် ကမ္ဘာတစ်ဝန်း သန်းနှင့်ချီ ရောင်းထွက်ခဲ့ပြီး အမေရိကန်တွင် အပတ်စဉ် လူကြိုက်အများဆုံးသီချင်းများထဲအထိ နေရာယူခဲ့ကာ “Before I Forget” သီချင်းဖြင့် ၂၀၀၆ ခုနှစ်တွင် Best Metal Performance အတွက် ဂရမ်ဆု ရခဲ့သည်။

Slipknot သည် မာန်ပါပါထူးခြားသည့် ဂီတစတိုင်လ်ဖြင့် ထင်ရှားသည့်အဖွဲ့ဖြစ်ပြီး ကြောက်မက်ဖွယ ်မျက်နှာဖုံးများ ဝတ်ဆင်ကာ ဖျော်ဖြေလေ့ရှိသည်။

ဂျော်ဒီဆန်သည် ၂၀၁၃ အထိ Slipknot အဖွဲ့တွင် ရှိနေခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အာရုံကြောရောဂါ ခံစားနေရသည့်အတွက် အဖွဲ့မှ ထွက်လိုက်ရသည်ဟုဆိုသည်။ သူကွယ်လွန်သည့်သတင်းကြောင့် ဆိုရှယ်မီဒီယာတွင် ပရိသတ်များနှင့် အပေါင်းအသင်း ဂီတသမားများ၏ ဝမ်းနည်းကြောင်း ဖော်ပြချက်များ တက်လာခဲ့သည်။

Most Read

Most Recent