PSG ကွင်းလယ်ကစားသမားသစ် ဝိုင်နယ်လ်ဒမ်းက မန်ယူကွင်းလယ်လူ ပေါ့ဘာကို PSG အသင်းသို့ ပြောင်းရွှေ့ကစားစေလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ၂၀၂၂ ခုနှစ်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် PSG အသင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသည့် ဝိုင်နယ်လ်ဒမ်းက ပေါ့ဘာမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။
၀ိုင်နယ်လ်ဒမ်းက "ပေါ့ဘာနဲ့ PSG အသင်းမှာ တွဲဖက်ကစားခွင့်ရချင်ပါတယ်။ သူက တကယ်ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော့်အနေနဲ့ သူ့ကိုပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူဟာ စွမ်းရည်ပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတိုင်းက သူ့ကို လိုချင်ကြမှာပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးပါ"ဟု ပြောကြားခဲ့သည်။
PSG အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါ့ဘာအား ခေါ်ယူရန် စီစဉ်နေပြီး ပေါင်သန်း (၅၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။