ရာသီသစ်မစမီ အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းရန် ပရီးမီးယားလိဂ်အသင်းများသဘောတူ

ရာသီသစ်မစမီ အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းရန် ပရီးမီးယားလိဂ်အသင်းများသဘောတူ
Photos: Getty Images
Photos: Getty Images
Published 2 October 2024

 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ရာသီသစ်မစတင်မီ နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ရာသီကို သြ ဂုတ်လအတွင်း စတင်လေ့ရှိပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို သြဂုတ်လကုန်မှသာ ပိတ်သိမ်းလေ့ ရှိသည်။ ယခုစတင်ကျင်းပလျက်ရှိသည့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ် (၁၆)တွင် စတင်ခဲ့ပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို သြဂုတ် (၃၀)တွင် ပိတ်သိမ်းခဲ့သည်။ 

ယင်းကဲ့သို့ ရာသီသစ် စတင်ပြီးမှ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခြင်းမှာ ကလပ်အသင်းများ၏ ပြင်ဆင်မှုကို ထိခိုက်မှုရှိစေသည်ဟု ကလပ်အသင်းတာဝန်ရှိသူများက ယူဆသည့်အတွက် ရာသီသစ်မစတင်မီ စျေးကွက်ပိတ်သိမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုရာသီအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းပိုင်ရှင်များ၏ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ကြာသပတေးနေ့က လန်ဒန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံပွဲတွင် အပြောင်းအရွှေ့စျေးကွက်အား စောစီးစွာပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။ 

ယင်းသို့ သဘောတူညီမှုရရှိကြောင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း လာမည့် ၂၀၂၅ ခုနှစ် နွေရာသီအပြောင်း အရွှေ့စျေးကွက်ကို သြဂုတ် (၁၅)တွင် ပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်က ပြိုင်ဘက်လိဂ်များအနေဖြင့်လည်း ရာသီသစ်မစမီ စျေးကွက်ပိတ်သိမ်းရန် စည်းရုံးထားကြောင်း သိရသည်။