ပါရာဂွေးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မည့်  ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ် နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားမည်

ပါရာဂွေးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မည့်  ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ် နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားမည်
Photo: AFP
Photo: AFP
Published 4 September 2024

 

ဥရုဂွေးဝါရင့်တိုက်စစ်မှူးဖြစ်သူ လူးဝစ်ဆွာရက်ဇ်သည် ပါရာဂွေးအသင်း နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲတွင် နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ဆွာရက်ဇ်သည် နိုင်ငံလက်ရွေးစင်အသင်းက အနားယူမှုနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၂ ရက်က သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်ခဲ့သည်။ 

လီဗာပူးလ်နှင့် ဘာစီလိုနာတိုက်စစ်မှူးဟောင်းအနေဖြင့် ဥရုဂွေး အသင်းအတွက် ၁၄၂ ပွဲကစားကာ ၆၉ ဂိုး သွင်း၊ ၃၉ ဂိုး ဖန်တီးပေးခဲ့သည်။ ဆွာရက်ဇ်၏သွင်းဂိုးအရေအတွက်သည် ဥရုဂွေးလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားခဲ့သည်။ 

"အနားယူမယ့်အကြောင်း တွေးဆခဲ့ပြီး သုံးသပ်မှုလည်း ပြုလုပ်ခဲ့ပါတယ်။ အခုက သင့်တော်တဲ့အချိန်ပဲလို့ ယုံကြည်ပါတယ်။ လက်ရွေးစင်အသင်းနဲ့အတူ ကျွန်တော့်ရဲ့နောက်ဆုံးပွဲကို ကစားချိန်မှာ စိတ်လက်ပေါ့ပါးစေချင်တယ်။ ၂၀၀၇ ခုနှစ်က လက်ရွေးစင်အသင်းအတွက် ပထမဆုံးကစားတဲ့ အချိန်တုန်းကလိုပဲ စိတ်လှုပ်ရှားရပါတယ်။ ၁၉ နှစ်အရွယ် ကောင်လေးတစ်ဦး အခုချိန်မှာ ၀ါရင့်ကစားသမားတစ်ဦး၊ သက်ကြီးကစားသမားတစ်ဦး ဖြစ်နေသူဟာ လက်ရွေးစင်အသင်းနဲ့အတူ မယုံနိုင်စရာကောင်းတဲ့ သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါက အသင်းအတွက် ကျွန်တော့်ဘဝကို ပေးခဲ့တာပါ"ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ဥရုဂွေးအသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်၊ ကိုပါအမေရိကပြိုင်ပွဲ ငါးကြိမ်စသဖြင့် မေဂျာနိုင်ငံတကာ ပြိုင်ပွဲ ကိုးကြိမ် ကစားခဲ့သည်။ ၂၀၁၁ ကိုပါ အမေရိကပြိုင်ပွဲတွင် ဥရုဂွေးအသင်း ဗိုလ်စွဲခဲ့ရာ၌ အသင်း၏အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ပြိုင်ပွဲ၏အကောင်းဆုံးကစားသမားဆုကိုလည်း ဆုကိုလည်း ဆွတ်ခူးခဲ့သည်။  

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အချိန်ပိုဒုတိယပိုင်း၏ နောက်ဆုံးမိနစ်တွင် ဂါနာအသင်း သေချာပေါက်ဂိုးရနိုင်သည့်ဂိုးကို လက်ဖြင့်ပုတ်ထုတ်ခဲ့ကာ ထုတ်ပယ်ခံရသော်လည်း သူ၏အသင်းမှာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ် ရောက်ရှိခဲ့သည်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင်လည်း အီတလီနောက်ခံလူ ချီလီနီ၏နားရွက်ကို ကိုက်ခဲ့ပြီး ၁၆ သင်း အဆင့် ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။ 

ဆွာရက်ဇ် အနေဖြင့် ယင်းလုပ်ရပ်ကြောင့် နိုင်ငံတကာပွဲ ကိုးပွဲအပြင် ပြိုင်ပွဲစုံ လေးလ ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၅ ကိုပါအမေရိကပြိုင်ပွဲကိုလည်း လွဲ ချော်ခဲ့ရသည်။ "ကျွန်တော်တို့ ခက်ခဲတဲ့အ ခိုက်အတန့်တွေကိုလည်း ဖြတ်သန်းခဲ့ရတယ်။ ပုဂ္ဂိုလ်ရေးအရတော့ ၂၀၁၄ ခုနှစ်က အမှားကြီးတစ်ခုဟာ အဆိုးရွားဆုံးပါပဲ"ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent