ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟို၏အေးဂျင့်ဖြစ်သူ ယာအိုဆန်းတို့စ်က ဂျော်ဂျင်ဟိုအနေဖြင့် လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
သို့သော် ချယ်လ်ဆီးနည်းပြဟောင်း ဆာရီသည် လာဇီယိုအသင်းကို ကိုင်တွယ်ပြီးနောက် ဂျော်ဂျင်ဟိုအနေဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။
ယာအိုဆန်းတို့စ်ကမူ ဂျော်ဂျင်ဟို၏ အနာဂတ်မှာ ချယ်လ်ဆီးအသင်း၏လက်ထဲတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
၎င်းက "ချယ်လ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ ဂျော်ဂျင်ဟိုရဲ့ စာချုပ်သက်တမ်းက (၂)နှစ် ကျန်ပါသေးတယ်။ ပြီးတော့ လုပ်ပိုင်ခွင့်တွေ အားလုံးကလည်း အသင်းရဲ့လက်ထဲမှာပါပဲ။ ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ကစားရမှာဖြစ်ပြီး ဒါက ဘောလုံးသမားတွေ လိုချင်တဲ့ ဆုဖလားတွေဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုအနေနဲ့ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းမှာပဲ ရှိနေပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
ဂျော်ဂျင်ဟိုသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲတွင် (၈)ဂိုး သွင်းယူပေးခဲ့သည်။















