ယူရို-၂၀၂၀ ပြိုင်ပွဲ၌ အီတလီအသင်း၏ ခံစစ်ကြောင်းတွင် အသင်းခေါင်းဆောင် ချီလီနီနှင့်အတူ တွဲဖက်ညီစွာ ခြေစွမ်းပြခဲ့သည့် ဘိုနူချီက လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချီလီနီနှင့်အတူ ယှဉ်ပြိုင်ကစားသွားလိုသည်ဟု ပြောကြားခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် Sky Sports က ချီလီနီ၊ ဘိုနူချီနှင့် ဒွန်နာရမ်မာတို့ကို မေးမြန်းခဲ့ရာ ဘိုနူချီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အသက်(၃၆)နှစ်ရှိပြီဖြစ်သည့် ချီလီနီကမူ ''မနက်ဖြန် ပြေးနိုင်ပါ့မလားဆိုတာတောင် ကျွန်တော် မသိပါဘူး။ ဘိုနူချီနဲ့ ဒွန်နာရမ်မာတို့ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ သေချာပေါက်ပါဝင်မှာပါ''ဟု ပြောကြားခဲ့သည်။
ချီလီနီသည် ဂျူဗင်တပ်စ်အသင်းနှင့် တစ်နှစ်သက်တမ်းတိုးရန် စီစဉ်ထားသော်လည်း လာမည့် ၂၀၂၁-၂၂ ရာသီအပြီးတွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိနေကြောင်း သိရသည်။

ချီလီနီသည် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ(၁၇)ရက်က ဖင်လန်နှင့်ကစားခဲ့သောပွဲတွင် အသက်(၂၀)အရွယ်နှင့် ပွဲဦးထွက်ခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံတကာပွဲ (၁၁၂)ပွဲကစားကာ (၈)ဂိုး သွင်းယူထားသည်။
အသက်(၃၄)နှစ်အရွယ်ရှိ ဘိုနူချီအနေဖြင့်မူ ၂၀၁၀ ပြည့်နှစ် မတ်လ(၃)ရက်က ကင်မရွန်းနှင့်ကစားသည့်ခြေစမ်းပွဲတွင် ပွဲဦးထွက်ခဲ့ပြီး နိုင်ငံတကာပွဲ (၁၀၉)ပွဲကစားကာ (၈)ဂိုး သွင်းယူထားသည်။















