သာကေတနှင့် အရှေ့ဒဂုံမြို့နယ်မှ နာတာရှည်ရောဂါဖြစ်နေသည့် သက်ကြီးရွယ်အိုများနှင့် အသက် ၇၀ နှစ်နှင့်အထက်ဘိုးဘွား ၁၂၀ အား ဆေးဖိုးနှင့် မုန့်ဘူးများ သရုပ်ဆောင်ခိုင်နှင်းဝေနှင့် အလှူရှင်များစုပေါင်း၍ လှူဒါန်း

သာကေတနှင့် အရှေ့ဒဂုံမြို့နယ်မှ နာတာရှည်ရောဂါဖြစ်နေသည့် သက်ကြီးရွယ်အိုများနှင့် အသက် ၇၀ နှစ်နှင့်အထက်ဘိုးဘွား ၁၂၀ အား ဆေးဖိုးနှင့် မုန့်ဘူးများ သရုပ်ဆောင်ခိုင်နှင်းဝေနှင့် အလှူရှင်များစုပေါင်း၍ လှူဒါန်း
Published 3 July 2021

သာကေတနှင့် အရှေ့ဒဂုံမြို့နယ်များမှ နာတာရှည်ရောဂါဖြစ်နေသည့် သက်ကြီးရွယ်အိုများနှင့် အသက် ၇၀ နှစ်နှင့်အထက်ဘိုးဘွား ၁၂၀ တို့အား ဆေးဖိုးနှင့် မုန့်ဘူးများကို သရုပ်ဆောင်ခိုင်နှင်းဝေနှင့် အလှူရှင်များ စုပေါင်းကာ လှူဒါန်းသည်ဟု သိရသည်။ အဆိုပါလှူဒါန်းမှုအစီအစဉ်ကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သရုပ်ဆောင် ခိုင်နှင်းဝေကိုယ်တိုင် သွားရောက်ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာတာရှည်ရောဂါဖြစ်ပွားနေသည့် အသက်ကြီးပိုင်းများနှင့် အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် ဆေးဖိုးလှူဒါန်းမှုအစီအစဉ်ကို သရုပ်ဆောင်ခိုင်နှင်းဝေနှင့် အလှူရှင်များက လစဉ်လှူဒါန်းမှု အစီအစဉ်တစ်ခုအဖြစ် စီစဉ်ကာ လှူဒါန်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ခိုင်မိသားစုနဲ့ အလှူရှင်တွေရဲ့ အလှူပါ။ အသက် ၇၀ နှစ်နဲ့အထက် ဘိုးဘွားတွေနဲ့ နာတာရှည်ဖြစ်နေတဲ့ သူတွေဆိုရင် အသက် ၄၀ ကျော် ၅၀ အရွယ်တွေကိုလည်း လှူဒါန်းပေးဖြစ်ပါတယ်။ ဒီလို လှူဒါန်းနိုင်ဖို့အတွက် ရပ်ကွက်တွေထဲမှာ စာရင်းလိုက်ပြီး ကောက်ထားတာပါ။ ၀ိုင်းဝန်းကူညီကြသူ လှူဒါန်းပေးကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု သရုပ်ဆောင် ခိုင်နှင်းဝေက ဆိုသည်။

အဆိုပါလှူဒါန်းမှုအစီအစဉ်နှင့်ပတ်သက်၍ “လှူလို့ရသမျှအရာထင်လို့ လိုအပ်နေတဲ့သူတွေ လက်ထဲရောက်ရှိပြီး ကုသိုလ်ရေစက်ပါရပါစေရှင်။ ဘိုးဘွားတစ်ဦးလျှင် ဆေးဖိုးငွေကျပ်တစ်သောင်းနှင့် အာဟာရမုန့်ဘူးများ လှူဒါန်းပေးခဲ့ပါတယ်ရှင်။ အဘွားတွေငိုတာကြည့်ပြီး ကိုယ့်အလှည့်ကျရင်လည်း အိုဇာတာကောင်းပါစေလို့ ဆုတောင်းမိပါတယ်။ အသက်ရှင်နေစဉ်ကာလမှာ တတ်နိုင်သလောက် ရသလောက် ပြုလုပ်သွားဖို့လည်း စဉ်းစားမိပါတယ်။ ခုနှစ်ရက်သားသမီး အလှူရှင်များအားလုံးကိုလည်း လှူနေစဉ်တစ်လျှောက်လုံး မေတ္တာပို့ဆုတောင်းပေးပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်” ဟု သရုပ်ဆောင် ခိုင်နှင်းဝေက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သရုပ်ဆောင် ခိုင်နှင်းဝေသည် ‘ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ’ ကိုလည်း ဖွင့်လှစ်ထားပြီး စွန့်ပစ်ခံမိဘမဲ့ကလေးငယ်များကို မွေးစားစောင့်ရှောက်ပေးလျက်ရှိသည်။ ထို့ပြင် စားဝတ်နေရေးခက်ခဲနေသည့် မိသားစုများ၊ သက်ကြီးရွယ်အိုများ၊ ဆေးကုသမှုခံယူနေရပြီး အခက်အခဲဖြစ်နေသည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက်လည်း လှူဒါန်းမှုများပြုလုပ်နေသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၃၀ ရက်ကလည်း ဧရာဝတီတိုင်း မော်ကျွန်းဘက်မှ ခြေထောက်တစ်ဖက်ပုပ်သွား၍ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေသည့် သက်ကြီးရွယ်အိုတစ်ဦးအတွက် အလှူငွေကျပ်နှစ်သိန်းကိုလည်း သရုပ်ဆောင် ခိုင်နှင်းဝေကိုယ်တိုင် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ကာ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ ဇွန် ၂၈ ရက်ကလည်း ဆေးကုသမှုခံယူနေရသည့် မွေးရာပါမသန်စွမ်းကလေးငယ်တစ်ဦးအတွက်လည်း ဆေးဖိုးငွေ ကျပ်နှစ်သိန်းကို သရုပ်ဆောင်ခိုင်နှင်းဝေက မိခင်ဖြစ်သူထံ ကိုယ်တိုင်သွားရောက်လှူဒါန်းကာ အားပေးစကားများလည်း ပြောကြားခဲ့သည်။ ထို့ပြင် ခိုင်နှင်းဝေနှင့် အလှူရှင်များသည် ခြေတုလိုအပ်နေသည့် ကလေးငယ်များအတွက်လည်း ခြေတုလှူဒါန်းမှုများကို ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် ခြေတုလိုအပ်နေသည့် ကလေးငယ် ၁၉ ဦးအထိ လှူဒါန်းမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent