အမေရိကန် စွန့်စားခန်းအန်နီမေးရှင်းဇာတ်ကား Spirit Untamed ကို ဇွန်လဆန်းမှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသနေ

အမေရိကန် စွန့်စားခန်းအန်နီမေးရှင်းဇာတ်ကား Spirit Untamed ကို ဇွန်လဆန်းမှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသနေ
Published 3 July 2021

အမေရိကန်စွန့်စားခန်း အန်နီမေးရှင်းဇာတ်ကား Spirit Untamed ကို ဇွန် ၄ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေပြီး ဝင်ငွေဒေါ်လာ ၂၃ သန်းကျော်ရရှိထားကြောင်း သိရသည်။

Dream Works Animation မှ ထုတ်လုပ်ပေးထားပြီး Universal Pictures မှ ဖြန့်ချိထားသော Spirit Untamed အန်နီမေးရှင်းဇာတ်ကားသည် ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့သော Spirit: Stallion of the Cimarron အန်နီမေးရှင်းဇာတ်ကားကို ပြန်လည်အခြေခံ၍ ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။

ဇွန် ၂၈ ရက်တွင် ရုံတင်ပြသမှုမှ ရုံဝင်ငွေအများဆုံးရရှိခဲ့သည့် ဇာတ်ကားစာရင်း Boxoffice Mojo တွင် Spirit Untamed အန်နီမေးရှင်းဇာတ်ကားက နံပါတ်ခြောက်နေရာတွင် ရပ်တည်ခဲ့သည်။

မြင်းစီးအလှပြပွဲတစ်ခုတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအတွင်း မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် Lucky အမည်ရှိ မိန်းကလေးငယ်သည် အဒေါ်ဖြစ်သူ Cora နှင့်အတူ အဘိုးဖြစ်သူ James Prescott Sr ၏နေအိမ်တွင် နေထိုင်ခဲ့သည်။

တိရစ္ဆာန်လေးများကို ချစ်ခင်သူဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနေသော Lucky သည် စည်းကမ်းတင်းကျပ်သူ အဘိုးနှင့်အဒေါ် မရှိချိန်တွင် နေအိမ်အတွင်း ပြေးလွှားနေသော ရှဉ့်ကလေးတစ်ကောင်ကို လိုက်ဖမ်းရင်း အဘိုးနှင့်သူ၏မိတ်ဆွေများရှေ့တွင် ကသောင်းကနင်းအခြေအနေတစ်ရပ်ကို ဖန်တီးခဲ့ခြင်းကြောင့် Lucky နှင့် အဒေါ်ဖြစ်သူ Cora သည် Lucky ၏ဖခင် Jim နေထိုင်ရာ Miradeiro မြို့သို့ ပြောင်းရွှေ့ခဲ့သည်။

ထိုမြို့တွင် Lucky တစ်ယောက် Spirit အမည်ရှိ မြင်းရိုင်းငယ်တစ်ကောင်နှင့် ခင်မင်သွားခဲ့သော်လည်း မိခင်သေဆုံးမှုဖြစ်ရပ်ကြောင့် မြင်းရိုင်းနှင့်ခပ်ဝေးဝေးနေရန် ပြောကြားနေသော ဖခင်ဖြစ်သူ Jim နှင့် Lucky တို့ အချေအတင်ဖြစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သနားကြင်နာစိတ်ကင်းမဲ့သော မြင်းထိန်းသမားတစ်ဦးက Spirit နှင့် ၎င်း၏အပေါင်းအပါ မြင်းရိုင်းများကို ဖမ်းဆီးရန် ကြိုးပမ်းလာသောအခါ Lucky တစ်ယောက် ယင်းဖြစ်ရပ်ကို တားဆီးနိုင်မည်လား၊ Spirit နှင့် မြင်းရိုင်းအုပ်ကို မသမာသူလက်ထဲမှ ကယ်တင်နိုင်မည်လားဆိုသည်ကို Spirit Untamed ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ပေးထားသည်။

ဒေါ်လာ သန်း ၃၀ အကုန်ကျခံရိုက်ကူးထားသော Spirit Untamed အန်နီမေးရှင်းဇာတ်ကားသည် ရုပ်ရှင်ဝေဖန်ရေးသမားများထံမှ အမျိုးမျိုးသောမှတ်ချက်ပေးမှုများကို ရရှိခဲ့သည်။

ဒါရိုက်တာ Elaine Bogan ရိုက်ကူးပုံဖော်ထားသော ယင်းဇာတ်ကားတွင် Lucky ဇာတ်ကောင်နေရာ၌ Isabela Merced က လည်းကောင်း၊ Cora ဇာတ်ကောင်နေရာ၌ Julianne Moore ကလည်းကောင်း၊ Jim ဇာတ်ကောင်နေရာ၌ Jake Gyllenhaal တို့က အသံနောက်ခံပြောကြားပေးထားသည်။  

Most Read

Most Recent