ဇွန်လ နောက်ဆုံးပတ်တွင် ပြည်တွင်းစျေးကွက်၌ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁ သိန်းနီးပါးရှိပြီး မေလ နောက်ဆုံးပတ်က ဖြစ်ပေါ်ခဲ့သည့်စျေးထက် ကျပ် ၃၅၀၀၀ ခန့်မြင့်တက်

ဇွန်လ နောက်ဆုံးပတ်တွင် ပြည်တွင်းစျေးကွက်၌ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁ သိန်းနီးပါးရှိပြီး မေလ နောက်ဆုံးပတ်က ဖြစ်ပေါ်ခဲ့သည့်စျေးထက် ကျပ် ၃၅၀၀၀ ခန့်မြင့်တက်
မန္တလေးပဲစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
မန္တလေးပဲစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 29 June 2021

ဇွန်လ နောက်ဆုံးပတ်အတွင်း ပြည်တွင်းစျေးကွက်၌ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁ သိန်းနီးပါးရှိပြီး မေလနောက်ဆုံး ပတ်တွင် ဖြစ်ပေါ်ခဲ့သည့်စျေးထက် ကျပ် ၃၅၀၀၀ ခန့် မြင့်တက်လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၂၉ ရက်တွင် ပြည်တွင်းစျေးကွက်အတွင်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၀၉၅၀၀၀၊ မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၁၂၂၅၀၀၀ စျေး ရှိသည်။

မေ ၂၉ ရက်တွင် ပြည်တွင်းစျေးကွက် အတွင်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၀၆၀၀၀၀၊ မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၁၁၉၅၀၀၀ စျေးရှိသည်။

ဧပြီ ၂၉ ရက်တွင် ပြည်တွင်းစျေးကွက်အတွင်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၈၀၀၀၀၊ မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၁၀၂၅၀၀၀ စျေးရှိခဲ့သည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို နှစ်စဉ်ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့် စားသုံးမှု လိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း သိရသည်။

ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းတို့ကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် လာမည့်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီ မှမတ်လ) အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့် ရှိမည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ် သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ ဒီဘဏ္ဍာနှစ်မှာက ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၀၆၁ သိန်း (၁ ဒသမ ၆သန်းကျော်) တင်ပို့မှုကနေ ဒေါ်လာ ၁၁၉၅ ဒသမ ၄၈၃ သန်း (၁ ဒသမ ၂ ဘီလျံနီးပါး) ရရှိထားတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် တန်ချိန်နှစ်သောင်း သုံးထောင်လောက်လျော့ခဲ့ပေမဲ့ ဝင်ငွေမှာ ဒေါ်လာ ၁၆၉ ဒသမ ၂၃၂ သန်း ပိုရထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားသည်။

Most Read

Most Recent