အနာဂတ်တွင် သန့်ရှင်းကောင်းမွန်စေရန် အမှိုက်များကို ရှင်းလင်းပေးနေသည့် ဖိလစ်ပိုင် သူရဲကောင်းများ

အနာဂတ်တွင် သန့်ရှင်းကောင်းမွန်စေရန် အမှိုက်များကို ရှင်းလင်းပေးနေသည့် ဖိလစ်ပိုင် သူရဲကောင်းများ
Photo:Reuters
Photo:Reuters
Published 27 June 2021
Ref:Reuters

ဖိလစ်ပိုင်နိုင်ငံတွင် မနက်တိုင်း အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်များထဲတွင်အပါအဝင်ဖြစ်သော မြစ်ကမ်းရိုးတစ်လျှောက်ရှိအမှိုက်များကို လှည်းကျင်းခြင်း၊ ပလတ်စတစ်အမှိုက်ထုတ်များကို ကောက်ခြင်းများပြုလုပ်ကြသည်။

“မြစ်သူရဲကောင်းများ” ဟု ချီးကျူးခံခဲ့ရသည့် ယင်းအဖွဲ့တွင်အဖွဲ့ဝင် ၁၀၀ ခန့်ပါဝင်ပြီး ဆယ်နှစ်သက်တမ်းရှိသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၎င်းတို့သည် မနီလာမြို့တော်၏ နာမည်ဆိုးဖြင့်ထင်ရှားသော Pasig မြစ်ကမ်းတစ်လျှောက်ရှိ အမှိုက်များကို ရှင်းလင်းနေသည့်အဖွဲ့ဖြစ်သည်။

မနီလာမြို့တော်တစ်လျှောက် ဖြတ်သန်းစီးဆင်းသော ၂၇ ကီလိုမီ တာအကွာအဝေးရှိ ထိုမြစ်သည်တစ်ချိန်က အရေးပါသောကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ခဲ့သည်။

သို့သော် မြို့ပြပုံစံပြောင်းလဲလာခြင်းနှင့်မိလ္လာရေဆိုးမြောင်း စနစ်စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် မြစ်သည် ပိုမိုညစ်ညမ်းလာခဲ့သည်။

“အဲ့ဒီနေရာ(မြစ်)မှာ အမှိုက်မရှိတဲ့အချိန်ဆိုတာ မရှိပါဘူး။အမှိုက်တွေက အကန့်အသတ်မရှိများပြား နေပါတယ်” ဟု မြစ်သူရဲကောင်းအဖြစ် ခြောက်နှစ်ကြာလုပ်ကိုင်နေသည့်အဖွဲ့ဝင် အန်ဂျယ်လီတာ အမ်ပယ်ရီယိုက ပြောကြားခဲ့သည်။

သူရဲကောင်းများသည် ရာဘာဘွတ်ဖိနပ်များနှင့် တံတောင်ဆစ်အထိရှည်သည့် လက်အိတ်ရှည်များကို ဝတ်ဆင်၍ မတူညီသည့်နေရာများတွင် ရေစီးဆင်းမှုနည်းသည့်နေရာများမှပိတ်ဆို့နေသည့် အမှိုက်များကို  ထွန်ခြစ်များနှင့် လက်လုပ်ကိရိယာများကို အသုံးပြု၍ ဖယ်ရှားကြသည်။

သူရဲကောင်းများသည် ပရဟိတသမားများအဖြစ်မှ စတင်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင်မူဒေသတွင်းအစိုးရမှပေးသော အခြေခံလစာကို ရရှိနေကြပြီး မြစ်၏အစိတ်အပိုင်းအများအပြားတွင် အဖွဲ့ငယ်လေးများခွဲ၍ လုပ်ကိုင်နေကြသည်။

မြစ်သူရဲကောင်းနောက်ထပ်တစ်ဦးဖြစ်သည့် ခြောက်နှစ်ကြာအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသော ဒက်တာအိုပီယာနာက သူနှင့်အခြားအဖွဲ့ဝင် ၁၉ ဦးတို့သည် တစ်နေ့လျှင် ခုနစ်နာရီကြာ လုပ်ကိုင်ဆောင်ရွက်လေ့ရှိပြီး မုတ်သုံရာသီအတွင်းတစ်နေ့လျှင် ပျမ်းမျှအမှိုက်များကို ကောက်ယူထည့်ထားသည့် အထုတ်ပေါင်း ၈၀ မှ ၁၀၀ အထိ စုဆောင်းမိကြသည်ဟု ဆိုသည်။

အမှိုက်များတွင်အများစုမှာ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ ပလတ်စတစ်မုန့်ထုတ်ခွံများနှင့် ထုတ်ပိုးမှုတွင် အသုံးပြုသည့်ပစ္စည်းများဖြစ်ကြသည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက စွန့်ပစ်ထားသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများသည်လည်း တစ်ခါတစ်ရံ မြောပါနေသည့် အမှိုက်များအတွင်း ရောယှက်နေလေ့ရှိသည်။

Pasig မြစ်၏ အမှိုက်သည် ဖိလစ်ပိုင်နိုင်ငံ၏ ပြဿနာတစ်ရပ်သာလျှင် မဟုတ်ပေ။

အောက်စ်ဖိုဒ့် တက္ကသိုလ်၏ Our World in Data မှ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာပလတ်စတစ်ညစ်ညမ်းမှု၏ ၈၁ ရာခိုင်နှုန်းသည် အာရှနိုင်ငံများရှိ မြစ်များနှင့် ဖိလစ်ပိုင်နိုင်ငံမှဖြစ်သည်ဟု ခန့်မှန်းထားပြီး ဖိလစ်ပိုင်တစ်နိုင်ငံတည်းကပင်လျှင် ယင်းညစ်ညမ်းမှု ၈၁ ရာခိုင်နှုန်း၏ သုံးပုံတစ်ပုံရှိသည်ဟု ဆိုသည်။

Pasig မြစ်တစ်ခုတည်းမှ မြစ်များမှအစပြုသည့် သမုဒ္ဒရာပလတ်စတစ်ညစ်ညမ်းမှု ၆.၄၃ ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ဖြစ်စေကာမူ သူရဲကောင်းများ၏ အလုပ်ကြိုးပမ်းမှုများနှင့်အတူ ၎င်းတို့သည် အနာဂတ်တွင်ပိုမို ကောင်းမွန်သော နေ့ရက်များပိုင်ဆိုင်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

“ကျွန်မတို့ကလေးတွေ၊ကျွန်မတို့ မိဘတွေ၊ကျွန်မတို့အမိနိုင်ငံတော်ကြီးအတွက် မြစ်ကိုသန့်ရှင်းအောင်ပြုလုပ်ဖို့ ကျွန်မတို့အားပေးကူညီဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု အမ်ပယ်ရီယိုက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ဌာနမှ လက်ထောက်အတွင်းရေးမှူး ဂျိုအန်လာဂန်ဒါက အာဏာပိုင်များအနေဖြင့် သင့်လျော်သောအညစ်အကြေး ခွဲခြားထားမှုလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်နှင့်မြစ်ကမ်းတစ်လျှောက်တွင် တရားမဝင်နေထိုင်သူများကို ဖယ်ရှားရန် ဒေသခံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

“Pasig မြစ်ကို ရှင်းလင်းပြီးပြန်လည်အသက်သွင်းဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်မမထင်ပါဘူး။ကျွန်မတို့တွေ စုပေါင်းလုပ်ဆောင်မှုတွေ လိုအပ်ပါတယ်” ဟု Greenpeace Philippines အဖွဲ့မှ တက်ကြွလှုပ်ရှားသူ မာရီယမ် လီဒက်စ်မာက ပြောကြားခဲ့သည်။

Most Read

Most Recent