အဖွဲ့ဝင် Lee Kwang-Soo နုတ်ထွက်ခဲ့ပြီးနောက် တောင်ကိုရီးယား၏ Running Man အစီအစဉ် ကြည့်ရှုမှုနှုန်း ဒုတိယအနိမ့်ဆုံးအဖြစ်စံချိန်တင်

အဖွဲ့ဝင် Lee Kwang-Soo နုတ်ထွက်ခဲ့ပြီးနောက် တောင်ကိုရီးယား၏ Running Man အစီအစဉ် ကြည့်ရှုမှုနှုန်း ဒုတိယအနိမ့်ဆုံးအဖြစ်စံချိန်တင်
Published 27 June 2021

တောင်ကိုရီးယားနိုင်ငံ၏ ရသစုံအစီအစဉ်ဖြစ်သည့် Running Man တွင် အဖွဲ့ဝင် Lee Kwang-Soo နုတ်ထွက်ခဲ့ပြီးနောက် နောက်ဆုံးထွက်ရှိလာသည့် အပိုင်းတွင် ကြည့်ရှုမှုနှုန်း ပျမ်းမျှ ၅.၃ ရာခိုင်နှုန်းသာ ရှိပြီးလွန်ခဲ့သည့်သီတင်းပတ်က ကြည့်ရှုမှုနှုန်းအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

နောက်ဆုံးထွက်ရှိလာသည့်အပိုင်း၏ ကြည့်ရှုမှုနှုန်းသည် ယခုနှစ်အတွင်း Running Man အစီအစဉ်၏ ဒုတိယမြောက် ကြည့်ရှုမှုနှုန်း ကျဆင်းခြင်းဖြစ်သည်ဟု ကြည့်ရှုမှုနှုန်း စာရင်းဆန်းစစ်လေ့လာသည့် Nielsen ၏ တွေ့ရှိချက်ကို EToday သတင်းတွင် ဖော်ပြထားသည်။

Running Man အစီအစဉ်၏ ကြည့်ရှုမှုနှုန်း အနိမ့်ဆုံးစံချိန်မှာ မတ် ၁၄ ရက်ကဖြစ်ပြီး ထိုအချိန်က ကြည့်ရှုမှုနှုန်း ၅.၂ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။

Lee သည် Running Man အစီအစဉ်တွင် ၁၁ နှစ်ကြာပါဝင်ခဲ့ပြီးနောက် မတော်တဆဖြစ်ပွားမှုတစ်ခုမှရရှိသော ဒဏ်ရာကြောင့် ယင်းအစီအစဉ်မှ နုတ်ထွက်လိုက်ကြောင်း ဧပြီလက ထုတ်ပြန်ကြေညာခဲ့သည်။

Lee ပါဝင်သည့် နောက်ဆုံးအစီအစဉ်အပိုင်းကို ဇွန် ၁၃ ရက်က ထုတ်လွှင့်ပြသခဲ့သည်။ ဇွန် ၂၀ ရက်တွင်ထုတ်လွှင့်သည့်အစီအစဉ်၌ မည်သည့်ဧည့်သည်ကိုမျှ ဖိတ်ခေါ်ထားခြင်းမရှိဘဲ မူလအဖွဲ့ဝင်များခုနစ်ဦးဖြင့်သာ ဂိမ်းများကို ဆော့ကစားခဲ့သည်။

အချက်အလက် ဆန်းစစ်မှုအသေးစိတ်အရ ယင်းအစီအစဉ်တွင် Running Man သည် ၆.၃ ရာခိုင်နှုန်းဖြင့် ပရိသတ်အားပေးမှု အမြင့်ဆုံးစံချိန်ကို ရရှိထားကြောင်း တွေ့ရှိခဲ့သည်။

Running Man အစီအစဉ်သည်ကြည့်ရှုမှုနှုန်း လျော့ကျခဲ့သော်လည်းတောင်ကိုရီးယားတွင် ယင်းအစီအစဉ်ကို ဆက်လက်ကြည့်ရှုနေသူ ၁.၁၈၁ သန်းရှိနေသေးသည်။

Running Man အစီအစဉ်သည် တောင်ကိုရီးယားနိုင်ငံတွင်သာမက တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ အပါအဝင် ပြည်ပနိုင်ငံများတွင်ပါ လူကြိုက်များသည့် ရသစုံအစီအစဉ်တစ်ခုဖြစ်သည်။

Most Read

Most Recent