ပျိုးပင်

ပျိုးပင်
Photo:Xinhua
Photo:Xinhua
Published 14 June 2021
မိုးသောက်ထွန်း

နွေရာသီအပူဓာတ် တိတိပပ ကုန်ဆုံး သွားတဲ့အခါမှာ မိုးဟာ ထဲထဲဝင်ဝင်ကို ဆက်တိုက်ရွာသွန်းနေပါပြီ။ ခြောက်ကပ်ကပ်အစား စိုစိုစွတ်စွတ် အထိအတွေ့တွေက နေရာဝင် ယူလာပြီ။ ဖုန်တထောင်းထောင်းထနေတဲ့ လမ်းတချို့တွေလည်း ဗွက်တစီစီဖြစ်လာပြီ။ ရာသီကို တားမရတော့ နွေပြီးရင် မိုးလာတာက သဘာဝပါပဲ။

ဟိုနေ့တစ်ရက်က တပည့်ဟောင်း တစ်ယောက်နဲ့ဆုံတုန်း “ဘာတွေလုပ်နေလဲကွ” လို့ မေးလိုက်မိတော့ “လယ်ထဲပေါ့ ဆရာရယ်...ဒီအချိန်က ပျိုးထောင်ရတဲ့အချိန်လေ” ဆိုပြီး ပြန်ဖြေတယ်။ မိုးဦးကျ မိုးလေးကလည်း စွေ၊ တပည့်လေး အစပျိုးပေးသွားတာကလည်းရှိတော့ ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ လယ်ကွင်းတွေဆီ အတွေးက ရောက်သွားတယ်။

ကျွန်တော်က တောင်သူလယ်သမားရဲ့ သားသမီးစစ်စစ်တစ်ယောက်ပါပဲ။ ကျွန်တော် ၁၀ တန်းနှစ်လောက်အထိ လယ်ကွင်းတွေနဲ့ ဖက်လဲတကင်းကို ထိတွေ့ခဲ့ရဖူးတယ်။ အဲဒီနောက်ပိုင်းတော့ အခြေအနေအရ လယ်ယာတွေကိုရောင်းပြီး ဇာတိကို ကျွန်တော်တို့ မိသားစု စွန့်ခွာခဲ့တယ်။ အဲဒီအချိန်ကတည်းက လယ်တွေ၊ ချောင်းတွေ၊ မြောင်းတွေနဲ့ ကျွန်တော် စိမ်းသက်ခဲ့ရတာ အတော်ကြာခဲ့ပေါ့။

လယ်မှာ ပျိုးခင်းပျိုးတယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ အရေးကြီးဆုံး အပိုင်းလို့တောင် ဆိုနိုင်တယ်။ ပျိုးမယ့်စပါးကိုလည်း မျိုးကောင်းတာကိုရွေးပြီး သီးသန့်ထားရတယ်။ ပျိုးခင်းကြဲမယ့် လယ်ကွက်ကို ဆိုရင်လည်း ပြောင်ရှင်းနေအောင် အထူးဂရုစိုက်ရတယ်။ ထွန်ယက်ပြီးလို့ မြက်ပင်လေးတွေ နည်းနည်းပါးပါး ကျန်နေရင်တောင်မှ လက်နဲ့လိုက်ပြီး နုတ်ပစ်ရတာ။ ပျိုးခင်းအောင်မှ အဲဒီနှစ်အတွက် စပါးစိုက်ဖို့ အဆင်ပြေတာလေ။ ပျိုးခင်းက မအောင်တဲ့အခါဆို လယ်သမားတွေ အတော်လေး ဒုက္ခရောက်ကြရရှာတာ။ အခုနောက်ပိုင်းခေတ်တွေတော့ တချို့ နေရာတွေမှာ ပျိုးခင်းပျိုးမယူဘဲ စပါးစေ့ကို တိုက်ရိုက်ကြဲချတဲ့ ကြဲခင်းတွေအဖြစ် ပြောင်းသွားပြီလို့လည်း ပြောကြတယ်။

တိုက်ဆိုင်တယ်လို့ပဲ ပြောရမယ်ထင်တယ်။ ပျိုးခင်းတွေနဲ့ပတ်သက်ပြီး အတွေး ရောက်နေတဲ့ ကာလမှာပဲ သားငယ်နဲ့ ပတ်သက်တဲ့ အကြောင်းကိစ္စတစ်ခုက ပေါ်လာတယ်။ တစ်နေ့သား သားငယ် စာရေးနေတဲ့ အချိန် အိမ်မြှောင်တစ်ကောင်က သူ့စာအုပ်ပေါ် ပြုတ်ကျလာတယ်။ အိမ်မြှောင်က ဒီအတိုင်းကျလာတာ မဟုတ်ဘဲ သားရဲ့စာအုပ်အပေါ် ချီးပါ ပါချသွားတယ်။ သားက သူ့စာအုပ်ကိုယူပြီး “ ဖေဖေ...ဒီမှာ သား စာအုပ်ပေါ်ကို ပိန်ညှောင် ချီးပါချသွားတယ်” ဆိုပြီး လာပြတယ်။

အဲဒီမှာ ကျွန်တော်က “သား...အဲဒါ ပိန်ညှောင် မဟုတ်ဘူး၊ အိမ်မြှောင်လို့ ခေါ်ရတယ်” လို့ ဆိုလိုက်တော့ “မေမေ့ကို မေးတုန်းက ပိန်ညှောင်လို့ပြောတယ် ဖေဖေရဲ့” ဆိုပြီး ပြန်ဖြေတယ်။ ဒါနဲ့ပဲ မဟုတ်ဘူး၊ အိမ်မြှောင်လို့ ခေါ်မှ မှန်တာ၊ နောက်ဆိုရင် အိမ်မြှောင်လို့ ခေါ်ဖို့ မနည်းကို နားသွင်းလိုက်ရတယ်။ ဒါတောင် သားက တော်တော်နဲ့ လက်မခံချင်ဘူး။

အိမ်မြှောင်ကိစ္စဖြစ်ပြီး သိပ်မကြာဘူး၊ ဖားပြုပ်ကိစ္စ ထပ်ဖြစ်တယ်။ အိမ်ပေါ်ကို တက်လာတဲ့ ဖားပြုပ်ကို သားက လက်ညှိုးထိုးပြီး “ ကပြုပ်ကြီး အကြီးကြီးပဲ” လို့ ထအော်တာ။ အဲဒီမှာလည်း “ကပြုပ်မဟုတ်ဘူးသား... ဖားပြုပ်လို့ ခေါ်ရတယ်” လို့ မနည်းပြင်ပေးလိုက်ရတယ်။ နောက်ထပ်တစ်ခုကတော့ ကျွန်တော့်အမေ အမြဲဖွင့်နေတဲ့ ရေဒီယိုကိစ္စ။ သားက ရေဒီယိုကို “လေဒီအို” ဆိုပြီး ခေါ်နေတာ။

နှစ်ခါ၊ သုံးခါ အလွဲလေးတွေ တွေ့လာတဲ့အခါ အဲဒီကိစ္စကို ကျွန်တော့်ဇနီးနဲ့ ပြောဖြစ်တယ်။ “တော်ကလည်း ကျုပ်တို့တုန်းကလည်း အဲဒီလိုလွဲခဲ့၊ ခေါ်ခဲ့မိတာပဲ၊ ကြီးလာတော့ အမှန်ကို သိတာပဲလေ” လို့ ဇနီးသည်က စောဒကတက်ပါတယ်။ “အေးလေ... တို့ တုန်းက လွဲခဲ့လို့ သားတို့ကျတော့ ငယ်ငယ်ကတည်းက မလွဲအောင် တည့်ပေးဖို့ ပြောပြတာလေ၊ တို့တွေဆို အခု အမှန်သိတာတောင် ပိန်ညှောင်တို့၊ လေဒီအိုတို့ တစ်ခါတလေ ပါးစပ်က ယောင်ပြီး ခေါ်မိနေတုန်းမဟုတ်လား” လို့ ပြောပြလိုက်မှ “အင်းပါ...အင်းပါ နောက်အမှန်ကိုပဲ ပြောပြမယ်” ဆိုပြီး ခပ်ဆတ်ဆတ် ပြန်ဖြေတယ်။ ကျွန်တော့်ကို ပိုလွန်းတယ်လို့ ထင်နေတုန်းပုံပါပဲ။

နောက်ထပ်ဖြစ်ရပ် တစ်ခုကတော့ သားက ကျွန်တော့်ကို မေးခွန်းတစ်ခု တိုက်ရိုက်မေးလာတာ။ သားမေးတဲ့ မေးခွန်းက “ဖေဖေ...အင်္ဂလိပ်တို့၊ တရုတ်တို့၊ မြန်မာတို့ ဆိုတာတွေက ဘယ်ကနေ ဖြစ်လာတာလဲ” တဲ့။ သား မေးတာကို ပထမ ကျွန်တော် သိပ်သဘောမပေါက်ဘူး။ သားက “သူတို့တွေ ဘယ်ကစပြီး ဖြစ်လာတာလဲလို့မေးတာ” လို့ ထပ်မေးလိုက်မှ လူသားတွေ စဖြစ်လာတာကို မေးတာပါလားလို့ သဘောပေါက်လိုက်မိတယ်။

သားရဲ့မေးခွန်းကိုကြားတော့ ကျွန်တော့်အာရုံထဲကို အာဒမ်နဲ့ဧဝ ရောက်လာတယ်။ နောက် ဗြဟ္မာကြီးတွေ ရောက်လာတယ်။ ပြီးတော့ မျောက်တွေလည်း ရောက်လာတယ်။ လွယ်လွယ်ဆိုရင်တော့ ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးထားတာတွေထဲက တစ်ခုကို ရွေးပြီး သားကို ပြောပြလိုက်ရမှာ။ ဒါမှမဟုတ် သိဖူးထားသမျှ အကုန်ပြောပြတာမျိုးလည်း လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒီအထဲက ဘယ်တစ်ခုကိုမှ ရွေးပြီး သားကို မပြောပြဖြစ်ခဲ့ဘူး။

“လူတွေ ဘယ်က စပြီးဖြစ်တယ်ဆိုတာတော့ စာအုပ်တွေထဲမှာ အမျိုးမျိုး ရေးကြတာပဲ သားရယ်”လို့ ဖြေပေးလိုက်တော့ “အဲဒီစာ အုပ်တွေ ဖေဖေက မဖတ်ဖူးလို့ မပြောပြနိုင်တာလား၊ ဖေဖေက စာရေးဆရာလုပ်ပြီးတော့ အဲဒီစာတွေ မဖတ်ဘူးလား” လို့ ကျွန်တော့်ကို စိုက်ကြည့်ပြီး သားက ထပ်မေးလာတယ်။ ဒါနဲ့ “ဖတ်ထားတာပေါ့သားရဲ့၊ သားကို အခုပြောမပြဘူးဆိုတာက ဖေဖေကိုယ်တိုင်လည်း ဘယ်တစ်ခုကသာ အမှန်ဆိုတာကို အတိအကျ မသိဘူးလေ၊ ဒီတော့ သားရယ် သားကြီးလာတဲ့အခါမှ အဲဒီစာအုပ်တွေဖတ်ပြီး သားကိုယ်တိုင် ဘယ်ဟာက ဖြစ်နိုင်တယ်ဆိုတာ ဆုံးဖြတ်ပေါ့” လို့ ဖြေပေးလိုက်တယ်။ “အဲဒါဆိုလည်း သား စာမြန်မြန် ဖတ်တတ်အောင်လုပ်ပြီး အဲဒီစာအုပ်တွေဖတ်မယ်နော်” လို့ သားက ဆိုပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ပျိုးပင်လိုမျိုး ကိုယ်ပိုင် ခွဲခြားဝေဖန်နိုင်ခြင်း မရှိသေးတဲ့ သားတို့အရွယ် ကလေးငယ်တွေအပေါ် ကိုယ်ရဲ့အယူအဆ၊ ကိုယ်ရဲ့ဝါဒတွေ သွတ်သွင်း ရိုက်ထည့်ပေးဖို့ မသင့်ဘူးလို့ ယူဆမိတယ်။ ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးဟာ မှန်ချင်မှန်မယ်။ မှားချင်လည်း မှားနေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ကတော့ နုနယ်တဲ့ ဦးနှောက်အသိထဲကို လူကြီးဖြစ်တဲ့ ကိုယ်တွေရဲ့ အယူဝါဒစွဲတွေ မထည့်ပေးသင့်ဘူးလို့ပဲ ခံယူထားမိတယ်။

ကလေးတွေကို အကြောက်တရား စွဲမသွားအောင် မရိုက်သင့်ဘူး၊ မဖိနှိပ်သင့်ဘူးလို့ အတော်များများ ဆိုကြ၊ပြောကြ၊ ထောက်ပြနေကြပေမဲ့ အယူဝါဒစွဲတွေကို မထည့်ပေးဖို့တော့ ပြောသူ နည်းပါးကြပါတယ်။ အတော်များများဟာ ကိုယ်ဖြတ်သန်းရတဲ့ အကြောင်းအရာ၊ ကိုယ်လက်ခံထားတဲ့ အယူဝါဒတွေကို အတင်းကာရော ရိုက်ထည့်နေကြတာလည်း တွေ့နေရတယ်။

တချို့ကလည်း စူပါမန်းတို့၊ တန်ခိုးရှင်တို့လို ဇာတ်လမ်းတွေ၊ ပုံပြင်တွေကနေ ကလေးတွေအတွက် အားကျအတုယူစရာတွေ မွေးဖွားပေးဖို့ ပြောပြလမ်းညွှန်နေတာတွေရှိတယ်။ ကျွန်တော့်အမြင်တော့ ဒါလည်း အယူဝါဒစွဲတစ်ခုကို သွတ်သွင်းတာလို့ မြင်မိတယ်။ ဥပမာ- ကျွန်တော်တို့ငယ်ငယ်က နားထောင်ဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။

နေနတ်သားနဲ့ နဂါးမလေးတစ်ကောင် ချစ်ကြိုက်ပြီး ပေါင်းသင်းနေထိုင်ကြတယ်။ နောက်တော့ နေနတ်မင်းကြီးကွယ်လွန်လို့ နေနတ်သားက ကောင်းကင်ဆီ ပြန်သွားရတယ်။ အဲဒီလိုနဲ့ နဂါးမလေးမှာ ကိုယ်ဝန်ကျန်ခဲ့ပြီး နဂါးဥလေးလုံးဥတယ်။ ဥတွေပေါက်ခါနီးတော့ ကျီးငှက်ကို နေနတ်သားဆီ စေလွှတ်လိုက်တယ်။ အဲဒီအချိန်က ကျီးဟာ အဖြူရောင် အမွေးတွေရှိတယ်။

ကျီးငှက်က နေနတ်သားဆီရောက်တော့ ချက်ချင်းလိုက်မလာနိုင်တာနဲ့ ပြည်တန်ပတ္တမြားတစ်လုံးပေးပြီး ပြန်လွှတ်လိုက်တယ်။ ကျီးငှက်က ပြန်လာရင်းလမ်းမှာ လှည်းသမားတွေ စွန့်ကျန်ထားတဲ့ ထမင်းကျန်တွေကို တွေ့တော့ ပတ္တမြားထုပ်ကို ချုံထဲမှာ ခဏဝှက်ပြီး ထမင်းကျန်တွေ ဝင်စားတယ်။ အဲဒါကို လှည်းသမားတစ်ယောက်ကတွေ့တော့ ပတ္တမြားကို ယူပြီး နွားချေးတွေ ထည့်ပေးလိုက်တယ်။

နဂါးမလေးဆီရောက်တော့ ပတ္တမြားအစား နွားချေးတွေ တွေ့လိုက်ရပြီး နေနတ်သားက သူ့အပေါ် မခင်တွယ်တော့ဘူးလို့ ယူဆပြီး ရင်ကွဲနာကျ သေဆုံးသွားတယ်။ နဂါးဥတွေလည်း စောင့်ရှောက်မယ့်သူ မရှိတော့ တကွဲတပြားဆီ လွင့်မျောကုန်တယ်။ အဲဒီထဲက တစ်ဥဟာ ကချင်ပြည်နယ် မိုးကုတ် ရောက်တော့ ကျောက်ဆောင်နဲ့တိုက်မိပြီး ကွဲသွားတယ်။ အထဲကနေ ကျောက်သံပတ္တမြားတွေ ထွက်လာတယ်။ ဒါ့ကြောင့် မိုးကုတ်က ရတနာတွေ အခုထိ ထွက်နေတာပေါ့။

နောက် နှစ်လုံးက တောထဲမှာပေါက် ကွဲပြီး တစ်လုံးက ကျား၊ တစ်လုံးက ဆင် ထွက်လာတယ်။ အဲဒီကစပြီး ဆင်တွေ၊ ကျားတွေ ပေါ်လာတယ်ပေါ့။ နောက်တစ်လုံးက မြစ်ဝ ကျွန်းပေါ်၊ ပင်လယ်ဘက်ရောက်မှ ကွဲထွက်သွားပြီး မိကျောင်းထွက်လာတယ်။ အဲဒီက စလို့ မိကျောင်း စဖြစ်တယ်ပေါ့။ အဲဒီလိုမျိုး ပုံပြင်လေးက ကျွန်တော်တို့ စိတ်ထဲ စွဲခဲ့တာ။ ငယ်ငယ်တုန်းက ပတ္တမြားတွေ၊ ကျားတွေ၊ ဆင်တွေ၊ မိကျောင်းတွေဟာ အဲဒီလို စဖြစ်လာတယ်လို့ကို ယုံကြည်ထားခဲ့မိဖူးတာ။

ရှေးခေတ်၊ ရှေးအခါကနေ လက်ဆင့်ကမ်း ခံယူလာရတဲ့ ရာဇဝင်တွေ၊ ပုံပြင်တွေ၊ ယုံတမ်းစကားတွေထဲက တချို့ယုတ္တိမတန်တာတွေကို နားထောင်လို့ကောင်း၊ ပြောပြလို့ ကောင်းတာနဲ့ ကျွန်တော်တို့တွေဟာ ပျိုးပင်တွေဆီ ပြန်ပြီး လက်ဆင့်ကမ်းမိနေကြတယ်။ ကိုယ်က ကျန်စစ်သားကို အားကျမိတာနဲ့ ကိုယ့်ရဲ့ပျိုးပင်တွေကို ကျန်စစ်သားကိုပဲ အားကျအတုယူရမယ်၊ ကျန်စစ်သားသာလျှင် အကောင်းဆုံး၊ အတော်ဆုံးလို့ လမ်းညွှန်တာဟာ မသင့်ဘူးလို့ မြင်ပါတယ်။ ပိုဆိုးတာက တချို့ဆိုရင် ကြိမ်းလား၊ မောင်းလားနဲ့ (အမှန်တရားကို သိစေချင်တဲ့ စေတနာဆိုတဲ့ အကြောင်းပြချက်နဲ့) အတင်းကို ရိုက်ထည့်တတ်ကြတယ်။

တကယ်တော့ လယ်ကွက်ထဲက ပျိုးပင် ပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်စုထဲက ပျိုးပင်ပဲ ဖြစ်ဖြစ် ပျိုးပင်ငယ်ဘဝမှာ လွတ်လပ်စွာ (အမှန်တကယ် လွတ်လပ်တဲ့ အခြေအနေနဲ့) ရှင်သန်ခွင့်ရခြင်းသည်သာ အကောင်းဆုံးလို့ မြင်မိ၊ ထင်မိတာပါပဲလေ။