ကြောက်ရွံ့မှု၊ နာကျင်မှုများနှင့် လူသိနည်းသည့် Endometroisis ရောဂါ

ကြောက်ရွံ့မှု၊ နာကျင်မှုများနှင့် လူသိနည်းသည့် Endometroisis ရောဂါ
Photo:AFP
Photo:AFP
Published 12 June 2021
မြတ်သက်မှူးကို

လော်ရန် ဂရာစီယာ အမည်ရှိအမျိုးသမီးသည် အသက် ၂၀ အရွယ်ဝန်းကျင်တွင် ၎င်း၏ဓမ္မတာ ရာသီစက်ဝန်းနှင့်ဆက်နွှယ်၍ ပြင်းထန်သော နာကျင်မှုများကို ခံစားခဲ့ရသည်။

ထိုအချိန်သည် ဂရာစီယာသည် သားအိမ်အတွင်းဆဲလ်များနေရာလွဲသည့် Endometriosis ဝေဒနာမခံစားရမီ လေးနှစ်အလိုကဖြစ်သည်။ယင်းရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး ကုသ၍မရနိုင်သော ရောဂါဖြစ်၍ကမ္ဘာတစ်ဝန်း၌ အမျိုးသမီး ၁ဝဦးတွင် တစ်ဦးကယင်းရောဂါဝေဒနာကို ခံစားနေရသည်။

ယင်းရောဂါ မဖြစ်ပွားမီအချိန်က ဂရာစီယာသည် ဓမ္မတာလာချိန်တိုင်း ကိုက်ခဲမှုဝေဒနာခံစားနေရသောကြောင့် ဒါဇင်နှင့်ချီသည့် ဆရာဝန်များနှင့် ပြသခဲ့ရာ၌ ဆရာဝန်များက ၎င်းခံစားနေရသောနာကျင်မှုသည် ပုံမှန်သာဖြစ်ကြောင်း ပြောကြားခဲ့သောကြောင့် ဂရာစီယာသည် အလွန်ကြောက်ရွံ့ပြီး အင်အားမရှိသည့်ခံစားချက်မျိုးရရှိခဲ့ကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

“အဲ့ဒါက ဘာနဲ့တူလဲဆိုတော့ ငရဲကျနေသလိုပါပဲ”ဟု လက်ရှိတွင် အသက် ၃၀ ဝန်းကျင်ရှိသည့် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ နေထိုင်သည့် ဂရာစီယာကဆိုသည်။

“ကျွန်မသွားပြတဲ့ဆရာဝန်တိုင်းက ကျွန်မကိုအရူးလို့ သတ်မှတ်ပြီး စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရတယ်ဆိုပြီးတောင် အပြောခံခဲ့ရပါတယ်။ ကျွန်မအရမ်းအထီးကျန်ခဲ့တယ်” ဟု ဂရာစီယာက ပြောကြားခဲ့သည်။

သားအိမ်အတွင်းရှိဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြောင်းရွှေ့၍ ကြီးထွားဖွံ့ဖြိုးလာသည့်အခါ Endometriosis ရောဂါဖြစ်ပေါ်လာသည်။ သားအိမ်အတွင်းရှိဆဲလ်အများစုသည် သားအိမ်လမ်းကြောင်း၊ သားအိမ်ခေါင်းနှင့် သားအိမ်အပါအဝင် တင်ပါးဆုံရိုး အင်္ဂါအစိတ်အပိုင်းများတွင်သာမက အူသိမ်အူမနှင့်ဆီးအိမ်တွင်ပါ ပြောင်းရွှေ့ကြီးထွားလေ့ရှိကြသည်။

ယင်းဆဲလ်များသည် ဟော်မုန်းပြောင်းလဲမှုများကို တုံ့ပြန်ပြီး ၎င်းတို့၏ရွှေ့လျားမှု သို့မဟုတ် ကြီးထွားမှုသည် ဓမ္မတာစက်ဝန်းများနှင့် မကြာခဏ တိုက်ဆိုင်လေ့ရှိသည်။ Endometriosis သည် တစ်ခါတစ်ရံ၌ အလွန်နာကျင်သောအနာများနှင့် ပြည်တည်အိတ်များဖြစ်ပေါ်နိုင်ပြီး ၎င်းတို့သည် မျိုးမပွားနိုင်ခြင်းရလဒ်များကို ဖြစ်စေနိုင်သည်။

စမ်းသပ်မှုနှင့်အမှားအယွင်း

Endometriosis ရောဂါအတွက်တစ်ခုတည်းသော အားထားရသည့် နည်းလမ်းမှာ ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သည့်နည်းဖြစ်သည့် လူနာအားမေ့ဆေးပေး၍ ၎င်း၏ဝမ်းဗိုက်ထဲသို့ သေးငယ်သောကင်မရာ ထည့်၍ကြည့်ရှုခြင်းပင်ဖြစ်သည်။

အကိုက်အခဲ ပျောက်ဆေးများ၊ ကိုယ်ဝန်တားဆေးများကိုပေါင်းစပ်၍ သောက်သုံးခြင်းနှင့် ခွဲစိတ်မှုများဖြင့်မှန်ကန်သောကုသမှုကို ရှာဖွေတွေ့ရှိခြင်းနှင့်ကောင်းမွန်စွာ ကုသပေးမှုများလုပ်ဆောင်သည့်တိုင် စမ်းသပ်မှုနှင့်အမှားအယွင်းဆိုင်ရာ မေးခွန်းတစ်ခုဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ယင်းဝေဒနာကို ခံစားနေရသည့် အမျိုးသမီးဦးရေသန်း ၂၀၀ နီးပါးရှိနေသော်လည်း ယင်းရောဂါသည် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကြခြင်း မရှိသေးပေ။သုတေသနပြုလုပ်မှု မရှိခြင်းသည် ယင်းရောဂါအား ကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပြင် ကုသပေးရန်မရှိသည့် သဘောသက်ရောက်နေသည်။

“အမျိုးသမီးတွေ ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတာတွေဟာ ပုံမှန်ပဲဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းကပြောခဲ့ကြတယ်” ဟု ကမ္ဘာ့ Endometriosis လူ့ဘောင်အဖွဲ့အစည်း၏ ဥက္ကဌ လုံးဟွန်မယ်ရော့ဂျ်က ပြောကြားခဲ့သည်။

“ဒါဟာ ပြဿနာတစ်ရပ်ပါ။ အဲ့ဒါကြောင့်ကျွန်မတို့တွေ ဒီအချိန်ဒီနေရာမှာ ရှိနေရတာဖြစ်ပါတယ်။လူတွေရဲ့ ယုံကြည်ချက်ကို ပြောင်းလဲဖို့က အချိန်တစ်ခုယူရမှာ ပါ။အဲ့ဒါကြောင့်မို့လည်း အမျိုးသမီးတွေက ဒီအကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုကြဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ခံရန် သင်ယူခြင်း

မကြာသေးမီနှစ်များအတွင်း မော်ဒယ်ခရစ်ဆီတိုင်ဂန်နှင့် သရုပ်ဆောင်လီနာဒွန်ဟမ်တို့အပါအဝင် အထင်ကရ အနုပညာရှင်များက လူမှုမီဒီယာကိုအသုံးပြု၍ ၎င်းတို့ခံစားနေရသည့် ရောဂါအတွေ့အကြုံများနှင့်တကွ Endometriosis ရောဂါအကြောင်းကို ပြည်သူများ ပိုမိုသိရှိမျှဝေကြစေရန် လုပ်ဆောင်ခဲ့သည်။

တိုင်ဂန်သည်ဖေဖော်ဝါရီလက နေရာလွဲနေသည့် Endometrial Tissue များကို ဖယ်ရှားရန် ခွဲစိတ်မှုခံယူခဲ့သည့်အကြောင်း လူမှုမီဒီယာတွင် တင်ခဲ့သည်။

အမေရိကန်တင်းနစ်မယ် ဒန်နီယယ် ကိုလ်လင်းက တင်းနစ်ဘောလုံးတစ်လုံးကဲ့သို့ အရွယ်အစားရှိသည့် သားအိမ်ရှိအကြိတ်တစ်လုံးကို ဖယ်ရှားရန်ခွဲစိတ်ကုသရန် လိုအပ်သည်ဟု မေလကမီဒီယာတွင်ထုတ်ဖော် ပြောကြားခဲ့ပြီး Endometriosis ရောဂါ ခံစားခဲ့ရသည့်အပေါ် အလွန်တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။

“ဓမ္မတာရာသီ စက်ဝန်းရှိကြတဲ့ ကမ္ဘာပေါ်က မိန်းမအများစုအနေနဲ့ ဒီလိုနာကျင်တဲ့အခိုက်အတန့်တွေနဲ့ ကြုံတွေ့ခံစားလာရတဲ့အခါ လက်ခံနိုင်ဖို့ သင်ယူရန်လိုအပ်မယ်လို့ ကျွန်မထင်ပါတယ်” ဟု လွန်ခဲ့သည့်နှစ်က ပြင်သစ်အိုးပင်းကွာတား ဖိုင်နယ်ပွဲစဉ်သို့ ရောက်ရှိခဲ့သော အသက် ၂၇ နှစ် အရွယ် ကိုလ်လင်းကပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အဖွဲ့အစည်းဌာနဆိုင်ရာ ထောက်ပံ့မှုကို တည်ထောင်ရန်နှေးကွေးနေခြင်းအတွက်လည်း ကျွမ်းကျင်သူများက ထောက်ခံအားပေးရန်လိုအပ်သည်။

ဟွန်မယ်ရော့ဂျ်သည် ၁၉၉၇ ခုနှစ်က ဒိန်းမတ် Endometriosis လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ခဲ့ပြီး ငါးနှစ်အကြာ၌ ဒိန်းမတ်သည် ပြည်သူ့အသိပညာပေး လုပ်ဆောင်များကို စတင်တိုးမြင့်လုပ်ဆောင်ခဲ့ပြီး ယင်းရောဂါနှင့်ပတ်သက်၍ ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်များချမှတ်ခဲ့သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က အမေရိကန်နှင့် ဗြိတိန်တွင် သက်ဆိုင်ရာစင်တာများကို ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်ဗြိတိန်၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုက Endometriosis လူနာများကို အထူးလေ့ကျင့်ထားသော သူနာပြုများနှင့်ကုသသင့်ကြောင်း မူဝါဒတစ်ရပ်ထုတ်ပြန်ခဲ့သည်။

ပြင်သစ်တွင်လည်းမီးယပ်ရောဂါပါရဂူ ခရစ်ဆိုလာ ဇာခါရိုပူလူက ၂၀၁၆ ခုနှစ်တွင် အသိပညာပေး လှုပ်ရှားမှုတစ်ရပ်လုပ်ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က အမျိုးသားရေး မဟာဗျူဟာတစ်ရပ်အဖြစ် ကြေညာခဲ့သည်။

အယုံအကြည်ကင်းမဲ့ခြင်း

Endometriosis ရောဂါနှင့်ပတ်သက်၍ လူမှုရေးဆိုင်ရာ သက်ရောက်မှုကိုလေ့လာသည့် အင်္ဂလန်ရှိ De Montfort တက္ကသိုလ်မှ သုတေသနတစ်ဦးဖြစ်သည့် ကာရိုလင်းလောက ယင်းရောဂါအကြောင်းဆွေးနွေးခဲ့သည့် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာထိတ်လန့်မှုသည် ၎င်းတို့၏စိတ်ခံစားမှုအခြေအနေကို ဆိုးရွားစွာသက်ရောက်နေသည်ဟု ပြောကြားခဲ့သည်။

“ဒီရောဂါဟာ သူတို့ရဲ့နေ့စဉ်အလုပ် တာဝန်တွေ၊လူမှုဆက်ဆံရေးတွေကို ထိခိုက်စေနိုင်တဲ့အပြင် ကလေးရရှိနိုင်တဲ့အခြေအနေနဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေမယ်လို့ အများစုကခံစားခဲ့ကြတယ်။ အမျိုးသမီးအချို့ဟာ မျှော်လင့်ချက်မဲ့သွားကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါနဲ့ပတ်သက်ပြီးကုသနည်းမရှိလို့ပါ။အချို့က သူတို့ရဲ့ဘဝကိုအမှန်တကယ်ထိခိုက်တယ်လို့ခံစားရပြီး အဆုံးစီရင်ချင်တဲ့သူတွေတောင်ရှိပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အန်နီ(အမည်လွှဲ)သည် ဆိုးရွားသော Endometriosis ဝေဒနာခံစားနေရသူဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ချင်သည့် အတွေးများတွေးမိကြောင်း ဝန်ခံပြောကြားခဲ့သည်။

၎င်း၏သားအိမ်ကို ဖယ်ထုတ်ခဲ့ရသည့် အခြေအနေအပါအဝင် Endometriosis ကြီး ထွားလာမှုများကြောင့် ရှစ်ကြိမ်ခွဲစိတ်မှုလုပ်ခဲ့ရပြီးနောက် အသက် ၄၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသူသည် ပင်ပန်းနွမ်းနယ်မှု၊တင်ပါးဆုံရိုးနာကျင်မှုအစရှိသည့် ဝေဒနာများကို ခံစားခဲ့ရသည်။

“ရောဂါလက္ခဏာတွေက ကျွန်မရဲ့အလုပ်၊ကျွန်မရဲ့နေ့စဉ်လူမှုဘဝတွေကိုဖျက်စီး ခဲ့ပါတယ်။ရောဂါစဖြစ်တဲ့အချိန်ကစပြီးကျွန်မမှာယုံကြည်မှုမရှိတော့ဘူး။ဆရာဝန်တွေကလည်း ကျွန်မကိုပိုသက်သာလာအောင် ဘယ်လိုကူညီပေးရမလဲဆိုတာ အခုထိမသိသေးပါဘူး”ဟု အန်နီက စိတ်ပျက်အားငယ်စွာ ပြောကြားခဲ့သည်။