ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၀ ခန့်မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက စုစုပေါင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းကျော်အထိ အများဆုံးဝင်ရောက်ထား

ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၀ ခန့်မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက စုစုပေါင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းကျော်အထိ အများဆုံးဝင်ရောက်ထား
သီလဝါစက်မှုဇုန်အတွင်းရှိ ကုန်ထုတ်စက်ရုံတစ်ခုမြင်ကွင်းအား တွေ့ရစဉ်
သီလဝါစက်မှုဇုန်အတွင်းရှိ ကုန်ထုတ်စက်ရုံတစ်ခုမြင်ကွင်းအား တွေ့ရစဉ်
Published 8 June 2021

ပြီးခဲ့သည့်ငါးနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၀ ခန့်မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၅ ဘီလျံကျော်ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက စုစုပေါင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းကျော်အထိ အများဆုံး ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၀၇၃ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၁၄ ခုအထိ ဝင်ရောက်ထားသည်။

ထို့အတူ အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၆၁ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၆၁ ခု ဝင်ရောက်ထားသည်။

ပြီးခဲ့သည့်ငါးနှစ်တွင် မြန်မာနိုင်ငံအတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆ ဒသမ ၅၃၅ ဘီလျံအထိ ဝင်ရောက်ခဲ့သည်။

အဆိုပါကာလအတွင်း စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဒသ မ ၃၆၆ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၃၇ ခုအထိ အများဆုံးဝင်ရောက်ထားသည်။ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၅ ရာခိုင်နှုန်းကျော် ရှိသည်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၃၈၀ ကျော် ဝင်ရောက်ထားပြီး ဒုတိယအများဆုံးဖြစ်သည်။

ဟောင်ကောင်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။

ယင်းနိုင်ငံများနောက်တွင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံနီးပါး၊ ဗီယက်နမ်က ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာတစ်ဘီလျံခန့်ဖြင့် အစဉ်လိုက် အများဆုံး ဝင်ရောက်ထားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်အနက် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၅၀ နီးပါးနှင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၅ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတွင်းလုပ်ငန်းကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စသည့်စီးပွားရေးကဏ္ဍ ၁၁ ခု၌ အဓိက ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် ဧပြီလအထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၆ ဒသမ ၄၆၁ ဘီလျံ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၆ ဒသမ ၁၃၅ ဘီလျံ၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၆၂၄ ဘီလျံ၊ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၈၄၉ ဘီလျံ၊ ဟိုတယ်နှင့် ခရီးကဏ္ဍတွင် ဒေါ်လာ ၈၀၆ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၄၇၂ သန်းကျော်၊ စက်မှုဇုန် ဖော်ဆောင်ရေးကဏ္ဍတွင် ဒေါ်လာ ၄၁၈ သန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၃၆၃ သန်းကျော်၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၉၁ သန်းကျော်၊ သတ္တုတွင်း လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၁ သန်းကျော်၊ ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၇၃၇ ဘီလျံဖြင့် အသီးသီး ဝင်ရောက်ထားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ်၊ ဧပြီလကုန်အထိ နှစ်ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ ပမာဏစုစုပေါင်း ဒေါ်လာ ၈၈ ဘီလျံကျော် အထိဝင်ရောက်ထားကြောင်း DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Most Read

Most Recent