ယူအက်စ်အိုးပင်း (US Women's Open) အမျိုးသမီးမေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်ဆယ်ကျော်သက်ကစားသမား ယူကာဆာဆိုက Playoff (ကျင်းပို) ကစားပြီး အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ယူကာဆာဆိုသည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျှော့ရိုက်နိုင်သော်လည်း ပူးတွဲအဆင့် (၆) နေရာသာ ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေ့တွင်မူ (၄)ချက် လျှော့ရိုက်ကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။
သို့သော် တတိယနေ့တွင် သတ်မှတ်ရိုက်ချက်အတိုင်းသာ ရိုက်နိုင်သဖြင့် ဒုတိယနေရာသို့ ရောက်ရှိသွားပြီး နောက်ဆုံးနေ့တွင်လည်း သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်ပိုသွားသဖြင့် ပြိုင်ပွဲအပြီးတွင် ဂျပန်နိုင်ငံသူ ဟာတာအိုကာနှင့်အတူ စုစုပေါင်းရိုက်ချက် ၂၈၀၊ လျှော့ရိုက်ချက် (၄)ချက်စီဖြင့် ပူးတွဲရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် Playoff ဆက်ကစားခဲ့ရပြီး ပထမနှစ်ကျင်းတွင် နှစ်ဦးစလုံး သတ်မှတ်ရိုက်ချက်အတိုင်း ရိုက်နိုင်သော်လည်း တတိယမြောက်ကျင်းတွင် ဆာဆိုက ဘာဒီရိုက်ချက်ဖြင့် ဗိုလ်စွဲခဲ့သည်။
အသက် ၁၉ နှစ် ၁၁ လနှင့် ၁၇ ရက်သာရှိသေးသူ ဆာဆိုသည် မေဂျာဂေါ့ဖ်ပြိုင်ပွဲနှင့် LPGA Tour ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ယူအက်စ်အိုးပင်းပြိုင်ပွဲ၏ အသက်အငယ်ဆုံးချန်ပီယံ ဖြစ်လာကြောင်း သိရသည်။
ဂျပန်နိုင်ငံသား ဖခင်နှင့် ဖိလစ်ပိုင်နိုင်ငံသူ မိခင်တို့မှ မွေးဖွားခဲ့သူ ဆာဆိုသည် ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင်လည်း တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲနှစ်ခုစလုံး၌ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိထားသူဖြစ်သည်။















