အင်္ဂလန်အသင်းအနေဖြင့် ဆုဖလားအောင်ပွဲရယူရန် ယူရို-၂၀၂၀ ပြိုင်ပွဲထက် ပိုကောင်းသည့်အခွင့်အရေး မရှိနိုင်တော့ဟု မော်ရင်ဟို ဆို

အင်္ဂလန်အသင်းအနေဖြင့် ဆုဖလားအောင်ပွဲရယူရန် ယူရို-၂၀၂၀ ပြိုင်ပွဲထက် ပိုကောင်းသည့်အခွင့်အရေး မရှိနိုင်တော့ဟု မော်ရင်ဟို ဆို
Photo: AFP
Photo: AFP
Published 7 June 2021

အင်္ဂလန်မြေတွင် ချယ်လ်ဆီး၊ မန်ယူ၊ စပါးအသင်းများကို ကိုင်တွယ်ပြီး အကြိမ်ကြိမ်ကျင်လည်ခဲ့ဖူးသည့် လက်ရှိ ရိုးမားနည်းပြ မော်ရင်ဟိုက အင်္ဂလန်လက်ရွေးစင်အသင်းအနေဖြင့် ဆုဖလားအောင်ပွဲရယူရန် ယူရို-၂၀၂၀ ပြိုင်ပွဲထက် ပိုကောင်းသည့်အခွင့်အရေး မရှိနိုင်တော့ဟု သုံးသပ်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေသည့်အသင်းဖြစ်ပြီး ယူရိုပြိုင်ပွဲတွင်လည်း အမြင့်ဆုံးအဖြစ် ဆီမီးဖိုင်နယ်သာ ရောက်ရှိဖူးသည်။

ထို့ကြောင့် ပရိသတ်များ၏ ဖိအားပေးမှုများနှင့်လည်း ရင်ဆိုင်နေရပြီး လက်ရှိအသင်း၏ ကစားသမားအစုအဖွဲ့မှာ အောင်မြင်မှုရရှိသင့်ပြီဟု ထင်ကြေးပေးသူများစွာလည်း ရှိနေသည်။

ယင်းအခြေအနေတွင် မော်ရင်ဟိုက အင်္ဂလန်အသင်းအနေဖြင့် အိမ်ရှင်ကဲ့သို့ ယှဉ်ပြိုင်ကစားရမည့်ပြိုင်ပွဲြုဖစ်သောကြောင့် ကြီးမားသည့်အားသာချက်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် အုပ်စုအဆင့်ပွဲစဉ်(၃)ပွဲစလုံးကို ဝင်ဘလေကွင်းတွင် ကစားရမည့်အပြင် အုပ်စုဗိုလ်ဖြစ်ခဲ့ပါက ရှုံးထွက်(၁၆)သင်းအဆင့်ကိုလည်း ဝင်ဘလေကွင်းတွင်ပင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့နောက် ကွာတားဖိုင်နယ်အဆင့်ကိုသာ အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကိုလည်း ဝင်ဘလေကွင်းတွင်ပင် ကျင်းပမည်ဖြစ်၍ အိမ်ရှင်အသင်းပမာ အခွင့်အရေးရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် မော်ရင်ဟိုက ''အင်္ဂလန်က ဘရာဇီးလ်နဲ့ အတူ လက်ရွေးစင်နည်းပြတွေအတွက် အခက်ခဲဆုံးအသင်းတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက အလွန်အမင်းမျှော်လင့်တာကြောင့်ပါ။ ဒီလိုဖိအားတွေ ရှိနေပေမဲ့ လာမယ့်ပြိုင်ပွဲမှာ သူတို့ အခွင့်အရေးကြီးကြီးမားမားရှိနေပါတယ်။ အုပ်စုအဆင့်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်သလို၊  ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုလည်း အိမ်ကွင်းမှာ ကစားရမှာပါ။ ၁၉၆၆ ကမ္ဘာ့ဖလားအောင်ပွဲကို သူတို့ အိမ်ကွင်းမှာ ရယူခဲ့တာဖြစ်ပြီး ယူရို-၁၉၉၆ မှာတော့ ဆီမီးဖိုင်နယ်မှာ ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အခု အဲဒီလိုအခွင့်အရေးကောင်းကို အသုံးချရမှာပါ။ ဒီထက်ကောင်းတဲ့ အခွင့်အရေး ထပ်မရနိုင်တော့ပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent