ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်း (၂၄)သင်းအနက် အင်္ဂလန်အသင်း၏ လူစာရင်းမှာ တန်ဖိုး အမြင့်မားဆုံးဖြစ်ကြောင်း Planetfootball ဝက်ဘ်ဆိုက် က ဖော်ပြခဲ့သည်။
Planetfootball သည် ပြိုင်ပွဲဝင်အသင်း(၂၄)သင်း ရွေးချယ်ထားသည့် ကစားသမားများ၏တန်ဖိုးကို Transfermarkt ၏ စျေးနှုန်းသတ်မှတ်မှုအပေါ်မူတည်ကာ တွက် ချက်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အသင်းတစ်သင်းလျှင် ကစားသမား(၂၆)ဦးစီ ရွေးချယ်ခွင့်ပြုသည့်ပြိုင်ပွဲ ဖြစ်သောကြောင့် ယခင်ပြိုင်ပွဲ များထက် ကစားသမားအရေအတွက် ပိုမိုများပြားခဲ့သည်။ လက်ရှိအချိန်တွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ကစား သမား(၂၆)ဦးစာရင်းကို အတည်ပြုစာရင်းသွင်းထားပြီးဖြစ် သော်လည်း ဒဏ်ရာပြဿနာနှင့် နာဖျားမှုပြဿနာများရှိ လာပါက ပထမဆုံးပွဲမကစားမီ အစားထိုးရွေးချယ်ခွင့်ရှိ ကြောင်းလည်း သိရသည်။
Planetfootball ကမူ လက်ရှိ ရွေးချယ်ထားသည့် ကစားသမား(၂၆)ဦးစာရင်းကို တွက် ချက်ထားခြင်းဖြစ်ပြီး အင်္ဂလန်အသင်းမှ ကစားသမားများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရို(၁.၂၅)ဘီလီယံရှိသည့်အတွက် တန်ဖိုးအကြီးဆုံးလူစာရင်းအဖြစ် သတ်မှတ်ခံရခြင်းဖြစ် သည်။ ထို့ကြောင့် အင်္ဂလန်အသင်းမှ ကစားသမားများ၏ တစ်ဦးချင်းပျမ်းမျှတန်ဖိုးမှာ ယူရို(၄၉.၈)သန်းရှိခဲ့သည်။ ဒုတိယနေရာတွင် ပြင်သစ်အသင်း၏လူစာရင်းက ယူရို (၁.၀၃)ဘီလီယံဖြင့် ရပ်တည်ခဲ့ပြီး ဂျာမနီအသင်းက ယူရို (၉၃၆.၅)သန်းဖြင့် တတိယ၊ စပိန်အသင်းက ယူရို(၉၁၅) သန်းဖြင့် စတုတ္ထ၊ ပေါ်တူဂီအသင်းက ယူရို(၈၇၂.၅)သန်း ဖြင့် ပဥမနေရာ ရရှိခဲ့သည်။















