တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၅၀) သာလိုတော့ချိန်တွင် စေတနာ့ဝန်ထမ်း (၁၀၀၀၀) ကျော် နုတ်ထွက်သွားသဖြင့် စိုးရိမ်စရာဖြစ်လာ

တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၅၀) သာလိုတော့ချိန်တွင် စေတနာ့ဝန်ထမ်း (၁၀၀၀၀) ကျော် နုတ်ထွက်သွားသဖြင့် စိုးရိမ်စရာဖြစ်လာ
Photo: Getty Images
Photo: Getty Images
Published 4 June 2021

တိုကျိုနွေရာသီအိုလံပစ်ပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၅၀) သာ လိုတော့ချိန်တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများထဲမှ (၁၀၀၀၀) ကျော် နုတ်ထွက်သွားခဲ့သဖြင့် ပြိုင်ပွဲကျင်းပရန် စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း သိရသည်။

    

တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ COVID-19 ရောဂါပြဿနာကြောင့် တစ်နှစ်နောက်ဆုတ်၍ ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ဂျပန်နိုင်ငံတွင် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန် မြင့်တက်နေသောကြောင့် ကျန်းမာရေးအာဏာပိုင်များက သတိပေးမှုများ ပြုလုပ်ခဲ့အပြီးတွင် စေတနာ့ဝန်ထမ်းအများအပြား နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။ 

အိုလံပစ်ကဲ့သို့ အားကစားပြိုင်ပွဲများတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အလွန်ကြီးမားသည့် အစိတ်အပိုင်းအဖြစ်ရှိနေပြီး ၎င်းတို့မှာ ပြိုင်ပွဲကျင်းပရေးတာဝန်ခံများကို ကူညီဖြည့်ဆည်းပေးရသူများဖြစ်သည်။ 

ထို့ပြင် စေတနာ့ဝန်ထမ်းများသည် ကစားသမားများ၏ နေရေးထိုင်ရေး၊ စားရေးသောက်ရေးအပြင် ကွင်းတာဝန်များ၊ လမ်းပန်းဆက်သွယ်ရေးတာဝန်များ၊ ပရိသတ်များနှင့် ကစားသမားများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရကြောင်း သိရသည်။ 

    

ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများ အစုအပြုံလိုက် နုတ်ထွက်ခြင်းမှာ ဖေဖော်ဝါရီတွင်လည်း ဖြစ်ပွားခဲ့ဖူးပြီး ထိုအချိန်ကမူ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ယိုရှီရိုမိုရီက ပြိုင်ပွဲကျင်းပရေးအစည်းအဝေးတစ်ခုတွင် လိင်ပိုင်းဆိုင်ရာမှတ်ချက်တစ်ခု ပြောကြားခဲ့သဖြင့် စေတန့ာဝန်ထမ်းအများအပြား နုတ်ထွက်ခဲ့ကြသလို ယိုရှီရိုမိုရီလည်း ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ 

ထိုစဉ်က တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံရပ်ခြားမှ ဧည့်သည်များအား လာရောက်ခွင့်ပိတ်ပင်ထားခြင်းကြောင့် စေတန့ာဝန်ထမ်းအရေအတွက် ပိုလျှံနေသဖြင့် ပြိုင်ပွဲအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု ဆိုခဲ့သည်။ 

ယခုအချိန်တွင်မူ COVID-19 ပြဿနာကြောင့် နောက်ထပ် စေတန့ာဝန်ထမ်းသောင်းချီ နုတ်ထွက်သွားပြန်ရာ ပြိုင်ပွဲကို ချောမွေ့စွာလည်ပတ်နိုင်ရန် အခက်အခဲများ ရှိလာခဲ့ပြီး ထပ်မံနုတ်ထွက်သူများလည်း ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

    

ဂျပန်ပြည်သူများကလည်း COVID-19 ရောဂါ ထပ်မံရိုက်ခတ်လာခြင်းကြောင့် အိုလံပစ်ပြိုင်ပွွဲကိုဖျက်သိမ်းရန် သို့မဟုတ် ထပ်မံရွှေ့ဆိုင်းရန် တောင်းဆိုမှုများရှိနေပြီး ဂျပန်နိုင်ငံရှိ ဆရာဝန် (၆၀၀၀)ကျော်က လက်မှတ်ရေးထိုးကာ အိုလံပစ်ပြိုင်ပွဲကို ဖျက်သိမ်းရန် မေလအတွင်း အစိုးရကို တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent