ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌ နေပြည်တော်၌ တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌ နေပြည်တော်၌ တွေ့ဆုံ
Published 3 June 2021
Ref: Nikkei Asia

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ ပီတာ မော်ရာတို့သည်  ယနေ့(ဇွန် ၃ ရက်)တွင်  နေပြည်တော်၌  တွေ့ဆုံခဲ့ကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံမှုသည် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံကို အနောက်နိုင်ငံများမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုအတွင်း ICRC ဥက္ကဋ္ဌက အကျဉ်းထောင်များသို့ ICRC အဖွဲ့များ ပြန်လည်သွားရောက်ခွင့် ရရေးနှင့်  မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ လူသားချင်းစာနာမှုအရ ပိုမိုဝင်ရောက်ခွင့်ရရှိရေးအပါအဝင် အဓိက အချက်နှစ်ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မယုတ်မလွန်ပြောကြားခဲ့သော်လည်း ICRC ၏ တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ခြင်းမရှိခြင်းကြောင့် တိုးတက်မှုရရှိခဲ့သည့် ဆွေးနွေးမှုအဖြစ် ရှုမြင်နိုင်ကြောင်း အဆိုပါ တွေ့ဆုံမှု နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ယခုတွေ့ဆုံမှုသည် ပြီးခဲ့သည့်နှစ်က Covid-19 ကပ်ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသော အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုမှုများကို ပြန်စတင်ရန်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ဆေးဘက်ဆိုင်ရာနှင့် တခြားအကူအညီများ ပိုမိုဝင်ရောက်ခွင့် ရနိုင်ရန် ICRC ၏ တွန်းအားပေးလုပ်ဆောင်မှုများတွင် တိုးတက်မှုရလာသည့် လက္ခဏာဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် သံတမန်တစ်ဦးက ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုအတွင်း အရပ်သားများအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်  တာဝန်ထမ်းဆောင်ချိန်အတွင်း နိုင်ငံတကာ ဥပဒေများနှင့် ကျန်းမာရေးဝန်ထမ်းများကို လေးစားမှုရှိရန်လည်း မော်ရာက တိုက်တွန်းခဲ့ကြောင်း သိရသည်။

ICRC ဥက္ကဋ္ဌသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ထိန်းသိမ်းခံ အထင်ကရ ပုဂ္ဂိုလ်များထံသာသွားရောက်ခြင်းထက် အကျဉ်းသားအားလုံးထံ သွားရောက်ခွင့်ရရန်လည်း တောင်းဆိုခဲ့ကြောင်းသိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခြား ထိပ်တန်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးရန် နေပြည်တော်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့်အတွင်းရေးမှူးချုပ်တို့ မလာရောက်မီ ICRC ဥက္ကဋ္ဌက ယခုကဲ့သို့ လာရောက်ခဲ့ခြင်းလည်း  ဖြစ်သည်။

ဆွစ်ဇာလန် အကြီးတန်း သံတမန်ဟောင်း တစ်ဦးဖြစ်သည့် မော်ရာသည် ၂၀၁၂ ခုနှစ်ကတည်းက ICRC ၏အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင်  မြန်မာနိုင်ငံကို လာရောက်သည့် ပထမဆုံး ICRC ဥက္ကဋ္ဌအဖြစ် ထိုစဉ်အချိန်က မြန်မာနိုင်ငံ၏သမ္မတဖြစ်သည့် ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။  

မော်ရာသည် ဝေးလံခေါင်သီသည့် ဒေသများတွင် ဆေးဘက်ဆိုင်ရာနှင့်လူသားချင်းစာနာမှု အကူအညီများ၊ ရေနှင့်မိလ္လာစနစ်အပါအဝင်  မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ကိုင်ခဲ့သည့် ICRC ၏ အစီအစဉ်များကိုလည်း ကြီးကြပ်ခဲ့ကြောင်းသိရသည်။

ICRC သည် လက်နက်ကိုင် ပဋိပက္ခနှင့် အခြား အကြမ်းဖက်မှု အခြေအနေများကြောင့် ထိခိုက်ခံစားနေရသူများကို လူသားချင်းစာနာမှု အကူအညီများပေးရန် တရားဝင်လုပ်ပိုင်ခွင့်နှင့် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်သုံးခုကျော်ကြာ ဖွင့်လှ စ်လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent