ဒီမိုကရေစီနိုင်ငံသားဖြစ်မှုအတွက် ပညာရေး

ဒီမိုကရေစီနိုင်ငံသားဖြစ်မှုအတွက် ပညာရေး
Published 27 May 2021

နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီကျသော နိုင်ငံသားများကဲ့သို့ ယုံကြည်၊ တွေးတော၊ ပြုမူနိုင်ရေးအတွက် ပြင်ဆင်ရန် လိုလားသော လူ့အဖွဲ့အစည်းများရှိ လူတို့အနေဖြင့် ဒီမိုကရေစီကျသော အသိ၊ ကျွမ်းကျင်မှု၊ စံတန်ဖိုးနှင့် သဘောထားများ ဖွံ့ဖြိုးလာအောင် သင်ကြားခြင်းနှင့် မြှင့်တင်ခြင်း လုပ်ငန်းစဉ်များအတိုင်း လိုက်နာကြရမည်ဖြစ်သည်။ ယင်းကို ဒီမိုကရေစီအတွက် ပညာရေး သို့မဟုတ် ဒီမိုကရေစီနိုင်ငံသားဖြစ်မှုအတွက် ပညာရေးဟု ခေါ်ဆိုသည်။ ယင်းသည် ဒီမိုကရေစီဆိုင်ရာ ပညာရေးနှင့် ခြားနားသည်။ ဒီမိုကရေစီဆိုင်ရာ ပညာရေးဟူသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို လိုက်နာပြီး ဒီမိုကရေစီ ဖွဲ့စည်းပုံတစ်ရပ်ရှိသည့် ပညာရေးတစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းအပြင် ပညာရေးအား ဒီမိုကရေစီဆန်အောင် ပြုလုပ်ခြင်းနှင့်လည်း ကွဲပြားခြားနားသည်။ ပညာရေးအား ဒီမိုကရေစီဆန်အောင် ပြုလုပ်ခြင်းဟူသည် လူ့အဖွဲ့အစည်းဝင်အားလုံးအနေဖြင့် ပညာသင်ကြားခွင့် ရရှိအောင် လမ်းဖွင့်ပေးခြင်း ဖြစ်သည်။ ဒီမိုကရေစီအတွက် ပညာရေးနှင့် ပတ်သက်၍ ထိရောက်သော အစီအစဉ်တစ်ရပ်သည် ဒီမိုကရေစီစနစ်တစ်ရပ်အတွင်း နေထိုင်ရန် လိုအပ်သော သက်ဆိုင်ရာအသိ၊ ကျွမ်းကျင်မှု၊ စံတန်ဖိုးများနှင့် သဘောထားများ ဖွံ့ဖြိုးလာအောင် သင်ကြားခြင်းနှင့် မြှင့်တင်ခြင်း ပြုလုပ်ပေးရသည်။

ဒီမိုကရေစီကျသော နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီဟူသည် အဘယ်နည်း၊ လူ့အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့များကို မည်သို့မည်ပုံ ဖွဲ့စည်းထားသနည်း၊ အစိုးရအဖွဲ့များက မည်သို့မည်ပုံ လုပ်ငန်းတာဝန်များ ထမ်းဆောင်သနည်းတို့အပြင် မိမိတို့လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်းကို သိရှိအောင် လေ့လာသင်ကြားရမည် ဖြစ်သည်။ ဒီမိုကရေစီကျသော နိုင်ငံသားများအနေဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးနှင့် လူမှုရေးတို့ဆိုင်ရာ ဖွဲ့စည်းပုံများနှင့် စနစ်များကိုလည်းကောင်း၊ ၎င်းတို့ မည်သို့မည်ပုံ လုပ်ငန်းတာဝန်များ ထမ်းဆောင်သနည်း ဟူသည်ကိုလည်းကောင်းတို့နှင့် ပတ်သက်သည့် အခြေခံအသိများလည်း ရှိထားရမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံသားများအနေဖြင့် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော လူ့အခွင့်အရေးများကိုလည်း သိရှိထားရမည် ဖြစ်သည်။ နိုင်ငံတကာနှင့် ကမ္ဘာလုံးဆိုင်ရာသိမှုများ ဖွံ့ဖြိုးလာသည့် ယခုခေတ်တွင် ဒီမိုကရေစီနိုင်ငံသားများသည် နိုင်ငံတကာဆက်ဆံရေးများကိုလည်း သိရှိနားလည်ထားရမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ ဖွဲ့စည်းပုံများကို မည်သို့မည်ပုံ ဖန်တီးထားသည်ကိုလည်းကောင်း၊ ဒီမိုကရေစီစနစ်၏ အလုပ်လုပ်ပုံကိုလည်းကောင်းနှင့် ဒီမိုကရေစီကို မည်သို့မည်ပုံ ရေရှည်ထိန်းသိမ်းရသည်ကိုလည်းကောင်း နားလည်အောင် သင်ယူရမည်ဖြစ်သည်။ ၎င်းအပြင် ဒီမိုကရေစီကျသော နိုင်ငံသားများအနေဖြင့် လူ့အဖွဲ့အစည်းများသည် အဘယ့်ကြောင့် ဒီမိုကရေစီသဘောထား စည်းမျဉ်းများနှင့် ဒီမိုကရေစီ ဖွဲ့စည်းပုံများကို ရွေးချယ်ရသနည်းဟူသည်ကိုလည်း နားလည်ရမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ၎င်းတို့သည် ဒီမိုကရေစီစနစ်တစ်ရပ်၌ လူတိုင်း၏ အသံကို နားထောင်ရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်များကို လူအများစုဆန္ဒမဲဖြင့် ချမှတ်ရမည်ဖြစ်ကြောင်း၊ လူနည်းစု၏ အခွင့်အရေးများကိုလည်း လေးစားလျက် ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း လေ့လာသင်ယူကာ နားလည်ရမည်ဖြစ်သည်။

လူတစ်ဦးချင်းအနေဖြင့် လူ့အဖွဲ့အစည်း၌ ထိရောက်စွာ ပါဝင်လာရန် ၎င်းတို့အား ခွင့်ပြုသည့် ကျွမ်းကျင်မှုများ ရှိလာသည့်အခါမှသာ ဒီမိုကရေစီကျသော နိုင်ငံသားများအဖြစ် ထိရောက်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ၎င်းင်းတို့အနေဖြင့် ရှုပ်ထွေးသော အချက်အလက်များကို စုဆောင်းနိုင်ခြင်း၊ နားလည်နိုင်ခြင်းနှင့် အဆင့်မြင့် ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်များနှင့် ငြင်းခုံဆွေးနွေးမှုများ၌ ထိရောက်စွာ ပါဝင်နိုင်ခြင်းတို့ ရှိလာစေရန် မည်သို့မည်ပုံ ဖတ်ရှုလေ့လာကာ ရေးသားရမည်ကို သိရှိရမည်ဖြစ်သည်။ ဒီမိုကရေစီကျသော နိုင်ငံသားများအနေဖြင့် ပဋိပက္ခဖြေရှင်းရန်အတွက် အပြန်အလှန်ဆွေးနွေးမှုနှင့် လုပ်ငန်းစဉ်များ၌ မည်သို့မည်ပုံ ပါဝင်ရမည်ကိုလည်း သိရှိရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ပူး ပေါင်းဆောင်ရွက်ခြင်း၊ လွတ်လပ်စွာနှင့် ဝေဖန်ပိုင်းခြားနိုင်စွာ တွေးတောခြင်းနှင့် ပြဿနာများအား ဖြေရှင်းရေး အခြားနည်းလမ်းများ၏ အကျိုးအပြစ်များကို အကဲဖြတ်နိုင်ခြင်းတို့ ရှိလာအောင်လည်း လေ့လာသင်ယူရမည်ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်တစ်ရပ်၌ ဒီမိုကရေစီကျသော နိုင်ငံသားများဖြစ်လာရေးအတွက် ပညာရေးတစ်ရပ်သည် မရှိမဖြစ် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent