ဉာဏ်ပညာ၊ ဉာဏ်ပညာ၊ ဉာဏ်ပညာ ...

ဉာဏ်ပညာ၊ ဉာဏ်ပညာ၊ ဉာဏ်ပညာ ...
Published 26 May 2021

“ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းက ဉာဏ်ပညာအားလုံးရဲ့ အစပြုမှုပါပဲ”

အရစ္စတိုတယ် (ဘီစီ ၃၆၇ - ဘီစီ ၃၄၇)

ဂရိတွေးခေါ်ရှင်

အကြမ်းအားဖြင့် အတွေ့အကြုံ၊ ဗဟုသုတနှင့် ကောင်းစွာအကဲဖြတ်နိုင်ခြင်း အရည်အသွေးအား ဉာဏ်ပညာဟု ခေါ်ကြသည်။ သို့သော် ဉာဏ်ပညာဟူသည် သဘောတရားရေးရာ ဗဟုသုတနှင့် ဆယ်စုနှစ်ချီကြာသော ဘဝအတွေ့အကြုံဆိုသည့် အရာများထက် များစွာပိုလေသည်။ ဉာဏ်ပညာရှိသူဟု ခေါ်ဆိုရန်အတွက် ဉာဏ်ပညာရှိပုံရှိနည်းကလည်း တစ်ခုမကရှိလေသည်။ ဥပမာအားဖြင့် ဝင်စတန်ချာချီသည် လက်တွေ့ကျသော ဉာဏ်ပညာရှိသူအဖြစ် ထင်ရှားသည်။ မာသာထရီဆာကို စေတနာထက်သန်သော ဉာဏ်ပညာရှိသူဟု ခေါ်ကြသည်။ ဆိုကရေးတီးသည် ဒဿနိကဗေဒဆိုင်ရာ ဉာဏ်ပညာထက်သန်သူအဖြစ် ထင်ရှားခြင်းဖြစ်သည်။ ဉာဏ်ပညာအပေါ် လူသားတို့၏ ယုံကြည်မှုများသည် မည်သည့်နေရာမှ မြစ်ဖျားခံလာခဲ့သနည်း။ မည်သည့်အရာကို ဉာဏ်ပညာရှိသည်ဟု ခေါ်ဆိုရန် စိတ်ပညာအရ မည်သည့်သိမြင်မှုများက လှုံ့ဆော်သနည်း။

ရာစုနှစ်များချီလျက် ထွန်းကားလာသော ယဉ်ကျေးမှုများသည် ကိုယ်ကျင့်တရားဆိုင်ရာနှင့် မွန်မြတ်သော သုစရိုက်မှုများဆိုင်ရာအရ ဘဝနှင့်ပတ်သက်သော အကြောင်းအရာများမှတစ်ဆင့် ဉာဏ်ပညာနှင့် ပတ်သက်သော သဘောတရားများကို လက်ဆင့်ကမ်းခဲ့ကြသည်။ ယင်းအကြောင်းအရာပုံပြင်များသည် ဆူမားရီးယန်းများ၊ ရှေးဟောင်းအီဂျစ်များ၊ ရှေးဟောင်းဟိန္ဒူကျမ်းများ၊ တရုတ်ပြည်မှ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်၏ အရေးအသားများနှင့် ရှေးဟောင်းဂရိတွေးခေါ်ရှင်များ အစရှိသဖြင့် တစ်ကမ္ဘာလုံးမှ လာခြင်းဖြစ်သည်။ ယင်းအစဉ်အလာများအရ ဉာဏ်ပညာသည် စေတနာထက်သန်ခြင်းနှင့် အခြားသူများကို နားထောင်ခြင်း (ကွန်ဖြူးရှပ်ဝါဒ)၊ မိမိကိုယ်ကိုယ်ထင်ဟပ်ခြင်း (တာအိုဝါဒ)၊ သဘာဝအတိုင်း ဘဝကိုဖော်ထုတ်ခြင်း (လောင်ဇူး) နှင့် မေးခွန်းထုတ်ခြင်း (ဆိုကရေးတီး) တို့အပြင် အသိဉာဏ်ရှိသောနှိမ့်ချမှု အစရှိသဖြင့် မဏ္ဍိုင်များစွာတို့ပေါ်၌ တည်မှီနေသည်။

စိတ်ပညာဆိုင်ရာ သုတေသနများက ဉာဏ်ပညာကို သိမြင်မှုဆိုင်ရာ (ဗဟုသုတနှင့် အတွေ့အကြုံ)၊ ထင်ဟပ်ပြမှုဆိုင်ရာ (အကြောင်းအရာများနှင့် မိမိကိုယ်တိုင်ကို စစ်ဆေးနိုင်စွမ်း) နှင့် လူမှုရေးလိုလားမှုဆိုင်ရာ (စေတနာသဒ္ဓါတရားနှင့် စာနာစိတ်) အစရှိသည့် အကြောင်းအရာများပါဝင်သည့် မျက်နှာစာများစွာရှိသော သဘောတရားတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ပညာရှိသည့် စဉ်းစားမှုကို အသုံးပြုရန်ရှိလာသည့်အခါ အမြင်များနှင့်ပတ်သက်သော အရေးပါပုံအချက်ကို လေ့လာကြသည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် ဗဟိုပြုစဉ်းစားခြင်းထက် အခြားသူ (တတိယပုဂ္ဂိုလ်) အနေဖြင့် အနေအထားများကို ရှုမြင်ခြင်းက အရေးပါသည်။ ယင်းသည် ပထမပုဂ္ဂိုလ် (မိမိကိုယ်တိုင်) ၏ အနေအထား ရှုထောင့်မှနေ၍ အဖြစ်အပျက်များကို စစ်ဆေးခြင်းသည် အနေအထားများနှင့်ပတ်သက်၍ အာရုံစိုက်ရမည့် လက္ခဏာရပ်များကို သတိပြုမိနိုင်ရန် အကန့်အသတ်ရှိနိုင်သောကြောင့်လည်းကောင်း၊ အပိတ်စနစ်ဆန်သော စိတ်ထားမျိုးဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ကိုသာ အဓိကထားနေနိုင်သောကြောင့်လည်းကောင်း ဖြစ်သည်။ အခြားတစ်ဖက်၌လည်း တတိယပုဂ္ဂိုလ်အမြင်မှတစ်ဆင့် မိမိကိုယ်တိုင်မှ ခွာ၍ကြည့်ခြင်းသည် သက်ဆိုင်ရာ အကြောင်းအရာများကို ပိုမိုကျယ်ပြန့်သော အဝန်းအဝိုင်းအတွင်း မြင်နိုင်ရန် အထောက်အကူပြုသည်။ ယင်းသည် အဘယ့်ကြောင့် လူသားတို့အနေဖြင့် မိမိကိုယ်တိုင်ထက် အခြားသူများ၏ ဘဝများအပေါ် ထင်ဟပ်ပြသည့်အခါ ပိုမိုကြီးမားသော ဉာဏ်ပညာကို ပြသနိုင်ခြေရှိသနည်းဟူသည့် အချက်ဖြစ်သည်။ ယင်းသည် လူသားတို့အနေဖြင့် အဘယ့်ကြောင့် ဉာဏ်ပညာကို အလိုအပ်ဆုံးဖြစ်နေချိန်၌ ယင်းဉာဏ်ပညာကို အနည်းဆုံးအသုံးပြုရသနည်းဟူသည့် အချက်လည်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဉာဏ်ပညာအများစုသည် အနေအထားနှင့် အကြောင်းအရာများအပေါ် တည်မှီနေပြီး အမျိုးမျိုးကွဲပြားနိုင်သောအရာ ဖြစ်သော်လည်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် ဉာဏ်ပညာဟူသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent