ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့
Published 24 May 2021

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည်။ (ဗျာ-ကဆုန်လပြည့်နေ့၌ ဗျာဒိတ်တော်ကို ခံယူတော်မူပါသည်။ ဖွား-က‌ဆုန်လပြည့်နေ့၌ ဖွားမြင်တော်မူပါသည်။ ပွင့်-က‌ဆုန်လပြည့်နေ့၌ ဘုရားပွင့်တော်မူပါသည်။ စံ-ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူပါသည်။)

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ) တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒန မင်းကြီးနှင့် မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သော နှစ်ပေါင်း၂,၆၀၀၊ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃)၊ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ၀ိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် ၄၅ နှစ် နေခဲ့ပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ ၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်၌ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရန်အတွက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင်ဘာလ၌ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသောအဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြသည်။ ကမ္ဘာ့ကုလသမဂ္ဂက ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။

ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအား ထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အား ရေသွန်းလောင်းခြင်း ကဲ့သို့သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်သည်။ ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။ ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်လည်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန”  ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံးအချိန်၊ ရေအဆုတ်ဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်းကာ တဂျိန်းဂျိန်းနှင့် မိုးချုန်းသံများ ကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည့်အလား ထင်ရသည်ဟုပင် ဆိုကြသည်။ မည်သို့ပင်ဆိုစေ၊ ထိုအချိန်ထိုအခါမျိုးတွင် မြန်မာပြည်သူပြည်သားတို့အနေဖြင့် ညောင်ရေသွန်းလောင်းရင်း အန္တရာယ်ကင်းရှင်းကာ ငြိမ်းချမ်းသာယာပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

မေလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent