တိမ်ပင်လယ်ခရီးသွားနှင့် မျှော်လင့်ချက်မနက်ဖြန်

တိမ်ပင်လယ်ခရီးသွားနှင့် မျှော်လင့်ချက်မနက်ဖြန်
ခရီးသွားရာသီတစ်ခုတွင် နောင်ချိုတိမ်ပင်လယ် အပန်းဖြေအနားယူစခန်းသို့ လာရောက်ကြသူများကိုတွေ့ရစဉ်
ခရီးသွားရာသီတစ်ခုတွင် နောင်ချိုတိမ်ပင်လယ် အပန်းဖြေအနားယူစခန်းသို့ လာရောက်ကြသူများကိုတွေ့ရစဉ်
Published 16 May 2021
ထွန်းနေလှိုင် (နောင်ပိန်)

ကိုဗစ်ကပ်ဆိုးရောဂါကြောင့် အရာရာ အနုတ်သဘောဆောင်မှုတွင် မြန်မာ့ခရီးသွားလုပ်ငန်းလည်း ပါသည်။ ထိုအထဲမှာမှ ပြည်တွင်း ခရီးသွားများကို နှစ်အနည်းငယ်အတွင်းမှာပင် ဆွဲဆောင်စေခဲ့သည့် နောင်ချိုတိမ်ပင်လယ်လည်း ပါသည်။ နောင်ချိုတိမ်ပင်လယ်ကို ဒေသခံတွေ အချိန်ယူပြင်ဆင်ခဲ့ကြသည်။

နောင်ချိုမြို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး သဘာဝရေမြေ တောတောင်အလှအပများကြောင့် နှစ်စဉ်ခရီးသွားအများအပြား လာရောက်လည်ပတ်သောမြို့လည်း ဖြစ်သည်။

နောင်ချိုမြို့နယ်အတွင်း ကမ္ဘာကျော် ဂုတ်ထိပ်တံတားနှင့် ဂုတ်တွင်းလမ်း၊ နောင်ချိုတိမ်ပင်လယ်၊ ဓာတ်တော်လိုဏ်ဂူ၊ နောင်လုံကန်၊ ဘန့်ဘွေးကျင်းရေတံခွန်၊ ရေပျံကြီးရေတံခွန်အပြင် ယခုနှစ်ပိုင်းကမှ ခရီးသွားများ စိတ်ဝင်စားပြီး မယ်ဟုန်ဘန်ဘုံဟု လူသိများလာသည့် ဒုဋ္ဌဝတီမြစ်ကျဉ်းခရီးစဉ်တို့ ဖြစ်သည်။ မယ်ဟုန်ဘန်ဘုံကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၏ ဗီယက်နမ်ဟုလည်း အချို့က တင်စားကြသည်။

နောင်ချိုတိမ်ပင်လယ်သည် ၂၀၁၈ ခုနှစ်မှစတင်ကာ ခရီးသွား ဧည့်သည်များအကြား လူသိများ ရေပန်းစားလာကာ နောင်ချိုဒေသသို့ ခရီးသွားအများအပြား ဝင်ရောက်ခဲ့ကြောင်း သိရသည်။

နောင်ချိုတိမ်ပင်လယ်ရှိရာ နေရာသည် နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာအနီးတွင်ဖြစ်ပြီး ဒေသခံများက မိမိတို့၏ စိုက်ခင်းနှင့် မိမိပိုင်ဆိုင်သည့် မြေနေရာများတွင် ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားအများအပြား လာရောက်အပန်းဖြေလေ့လာနိုင်ရေး အကုန်အကျခံ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။

တိမ်ပင်လယ်စခန်းအဖြစ် စတင်လူသိများစဉ်က တိမ်ပင်လယ်ရှိရာ တောင်ပေါ်စခန်းနေရာသို့ နောင်ချိုကြီးကျေးရွာမှ ထော်လာဂျီအကြီးဖြင့် တစ်နာရီခန့် စီးနင်းသွားရသည်။ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် မောင်းနှင်ရသည်။ အိမ်စီးကားငယ်လေးများမှာ ထိုတောင်ပေါ်အထိ မောင်းနှင်သွားလာ၍မရသေး။ နောင်ချိုကြီးကျေးရွာရှိ နေအိမ်များတွင် ထားခဲ့ရသည်။

ထိုစဉ်က တောင်ပေါ်တိမ်ပင်လယ်စခန်းတွင် အနယ်နယ်အရပ်ရပ်မှလာကြသော ခရီးသွားများက ၀ါးတဲလေးများ၊ ရွက်ဖျင်တဲလေးများဖြင့်စခန်းချကာ ညပိုင်းတွင်မီးပုံ နံဘေး၌ ကကြသည်။ မီးဖိုကိုယ်စီဖြင့်လည်း ငါးကင်များ၊ ကြက်ကင်များ ကင်စားကြသည်။ ခရီးသွားရာသီ မဟုတ်လျှင် တိတ်ဆိတ်နေသော တောင်ပေါ် တိမ်ပင်လယ်စခန်းလေး ၏ ၂၀၁၈ ခုနှစ်ဆောင်းကာလ ညပိုင်းများတွင် ရှမ်းအိုးစည်သံ ညံနေတတ်သည်။ မီးဖိုလှုံနံဘေးဝိုင်းဖွဲ့ ကနေသံများ ကြားနေရတတ်သည်။ ညနက်ပိုင်း တိတ်ဆိတ်နေသော အချိန်များတွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် ဂုတ်တွင်းလမ်းတွင် မောင်းနှင်နေသည့် ကုန်တင်ကားကြီးများ၏အသံကို ကြားနေရသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေသုံးထောင်ဝန်းကျင်ခန့်တွင် တည်ရှိသော တိမ်ပင်လယ် တောင်ပေါ်စခန်းမှ မြင်ရသော ကြယ်လေးများသည် လင်းတလက်လက်ဖြင့် လွတ်လပ်ငြိမ်းချမ်းလှသော ဆောင်းချမ်းညချိန်ခါများ ဖြစ်ခဲ့သည်။

တိမ်ပင်လယ်စခန်းရှိ တောင်ပေါ်လေအေးအေးက တိုက်ခတ်လွန်းသဖြင့် ချမ်းစိမ့်လွန်းလှသည်။ တချို့ မီးပုံနံဘေးတွင် ရှမ်းအိုးစည် တီးရင်းကကြသည်။ တချို့ မီးဖိုနံဘေး မီးလှုံနေကြသည်။ တချို့တချို့တွေကတော့ ရွက်ဖျင်တဲအတွင်း စောင်ထူထူခြုံကာ မနက်ခင်းတိမ် ပင်လယ်ကြည့်ဖို့ စောင့်ဆိုင်းနေကြသည်။ တကယ်တော့ နောင်ချိုတိမ် ပင်လယ်သည် ၂၀၁၈ ခုနှစ်အတွင်းတွင် သဘာဝဆန်ဆန်ဖြင့် စည်ကားခဲ့သည်။

နောင်ချိုတိမ်ပင်လယ်သို့ မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခရီးသွားအများအပြား ပိုမိုလာရောက်ကြသလို ရန်ကုန်တိုင်းဒေသကြီးမှ ခရီးသွားများလည်း လာကြသည်။

အထူးသဖြင့် နောင်ချိုတိမ်ပင်လယ်သည် ချင်းတောင်တန်းပေါ်ရှိ တိမ်ပင်လယ်များသို့ သွားရန်လောက်အထိ ခရီးမရှည်။ ရန်ကုန်မှဆိုရင် ရန်ကုန်-လားရှိုး ခရီးသည် တင်ကားစီးပြီး နောင်ချိုတွင် ဆင်းပြီးသွားနိုင်သလို မန္တလေးမှ လာရောက်လျှင်လည်း နှစ်နာရီကျော် ကားမောင်းလျှင် ရောက်နိုင်သောနေရာ ဖြစ်သည်။

နောင်ချိုတိမ်ပင်လယ်စခန်းသို့ မန္တလေးမြို့မှဒေသခံအချို့ ဆိုင်ကယ်များဖြင့်လာကြသည်။ အဖွဲ့လိုက် တိမ်ပင်လယ်တောင်ပေါ် စခန်းတွင် စခန်းချကာ ပျော်ပျော်ပါးပါး အနားယူကြသည်။ လွတ်လပ်ပြီး အပူအပင်ကင်းကင်းဖြင့် သဘာဝ အလှတရားကို ခံစားကြည့်ရှုနိုင်သော နေရာဖြစ်သည်။

ထိုအရာသည် ခရီးသွားရာသီ တစ်နှစ်မျှသာသာဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကိုဗစ်ကပ်ဆိုးကြောင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်ခဲ့ရသလို ခရီးသွားလုပ်ငန်းကို အမှီသဟဲပြုခဲ့သူများ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ခဲ့ပြီး စီးပွားရေးအခြေအနေမှာ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရသည်။

ကိုဗစ်ကပ်ဆိုးသံ အနည်းငယ် တိတ်ဆိတ်သွားပြီး အခြေအနေ ပြန်လည်တည်ငြိမ်မည်ဟု ယူဆသည့် ၂၀၂၀ ခရီးသွားရာသီတွင်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် နောင်ချို တိမ်ပင်လယ်စခန်းကို ခေတ္တသာ ဖွင့်ခဲ့ရပြီး ပြန်ပိတ်ခဲ့ရသည်။

“ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ရောဂါကြောင့် တိမ်ပင်လယ်စခန်းကို ကောင်းကောင်းမဖွင့်လိုက်ရဘူး။ တိမ်ပင်လယ်စခန်းက ဖွင့်ဖို့အရှိန်လေးရမလို့ရှိတုန်း နောင်ချိုမှာ ကိုဗစ်ရောဂါ တွေ့ရှိမှုတွေရှိလာတော့ ပြန်ပိတ်လိုက်ရတယ်။ အခြေအနေကောင်းလို့ပြန်ဖွင့်ရင် ရောဂါပိုးတွေ့တာရယ်၊ ကိုဗစ်စည်းကမ်းတွေရယ်ကြောင့် ပြန်ပိတ်လိုက်ရတာနဲ့  ကောင်းကောင်းမဖွင့်လိုက်ရဘူး။ ခရီးသွားတွေအတွက် ပြင်ဆင်ထားတာတွေက လက်တွေ့မှာ ထင်သလောက်ခရီး မပေါက်ခဲ့ဘူးပေါ့” ဟု နောင်ချိုကျေးရွာတွင် တိမ်ပင်လယ် ကြည့်ရန် စခန်းတစ်ခုဖွင့်လှစ်ထားသည့် ဦးကျော်စိုးလင်းက ပြောကြားသည်။

၂၀၂၁ ခုနှစ် ခရီးသွားရာသီအတွင်း နယ်မြေအခြေအနေကောင်းပြီး ကိုဗစ်ရောဂါကူးစက်မှု အခြေအနေများ ထိန်းချုပ်နိုင်ခဲ့ပါက နောင်ချိုကြီးကျေးရွာအနီးတွင် တိမ်ပင်လယ် ကြည့်ရှုရန်အတွက် စခန်းပေါင်း ၁၇ ခုအထိ ဖွင့်လှစ်ရန်ရှိနေပြီး ခရီးသွား အများအပြား ဝင်ရောက်လာရန်လည်း မျှော်လင့်ထားကြောင်း သိရသည်။

“တိမ်ပင်လယ်စခန်းမှာ ခရီးသွားတွေ ဝင်ရောက်လာဖို့အတွက်က အင်တာနက်ရရှိမှုနဲ့လည်း သက်ဆိုင်တယ်။ တိမ်ပင်လယ်ကိုလာဖို့ ခရီးသွားတွေက အင်တာနက်ကနေ ကြိုတင်စာရင်းပေးကြတာ၊ ဆက်သွယ်ကြတာနဲ့ အလုပ်လုပ်ကြတာပါ။ ခရီးသွားတွေ ဘယ်နေ့လာမယ်၊ ဘယ်စခန်းမှာတည်းမယ်၊ ဘယ်နှရက်နေမယ် စသဖြင့်ပေါ့။ ဒါကြောင့် အင်တာနက်ရမှ တိမ်ပင်လယ်စခန်း ဖွင့်လှစ်ဖို့က ပိုပြီးအဆင်ပြေမှာပါ” ဟု တိမ်ပင်လယ်စခန်းဖွင့်လှစ်မည့် ဒေသခံတစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း သီပေါမြို့နှင့် နောင်ချိုမြို့များမှာ ခရီးသွား အများအပြားလာရောက် လည်ပတ်ကြသည့်မြို့များ ဖြစ်ပြီး ဒေသခံများအနေဖြင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရှာဖွေခြင်းများ ပြုလုပ်ကြသည်။

“ပြီးခဲ့တဲ့နှစ် ခရီးသွားရာသီကာလမှာ ကိုဗစ်ကြောင့် ခရီးသွား ဧည့်သည်ဝင်ရောက်မှုက ကျသွားတာပေါ့။ ၂၀၁၉ တုန်းကတော့ ပြည်တွင်းခရီးသွားဧည့်သည် သိန်းဂဏန်းဝန်းကျင်အထိ လာရောက်လည်ပတ်ကြတယ်။ မနှစ်က ခရီးသွားရာသီက ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကျရောက်တော့ ခရီးသွားဧည့်သည်လျော့ကျသွားတယ်။ ဒါပေမဲ့ သောင်းဂဏန်းဝန်းကျင်လောက်တော့ လာတယ်။ တိမ်ပင် လယ်နဲ့ ဂုတ်ထိပ်ခရီးစဉ်ပေါ့။ အခု ထပ်တိုးချဲ့မယ့် နောင်ချိုမြို့နယ်ထဲက  မယ်ဟုန်ဘန်ဘုံ ခရီးစဉ်ပေါ့။ မယ်ဟုန်ဘန်ဘုံကိုကျတော့ နောင်ချိုကနေ ကားနဲ့တစ်ဆင့်၊ စက်လှေနဲ့တစ်ဆင့်စီးရတာပေါ့။ ဒုဋ္ဌဝတီမြစ် အစပ်ကိုရောက်တာပေါ့။ ရှုခင်းကတော့ တော်တော်လှတယ်။ စက်လှေနဲ့က နှစ်နာရီခွဲလောက်စီးရပါတယ်။ အဲဒီကိုလည်း ခရီးသွားတွေ သွားရောက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာတော့ တောင်ကြီး၊ မန္တလေး၊ ပြင်ဦးလွင်က ခရီး သွားအေဂျင်စီတွေက ချိတ်ဆက်ပြီး တော့ မယ်ဟုန်ဘန်ဘုံဘက်ကို သွား ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ဘက်ကတော့ ခရီးသွားအေဂျင်စီ ကနည်းတော့ သိပ်သွားတာ မတွေ့ သေးဘူး။ ကျွန်တော်တို့ကတော့ ခရီးသွားအခြေအနေပေါ် မူတည်ပြီးတော့ ဒုဋ္ဌဝတီမြစ်ကြောင်း မယ်ဟုန် ဘန်ဘုံလမ်းကြောင်းပေါ် စက်လှေဆိပ်တွေလုပ်ဖို့ရှိပါတယ်” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းက ပြောကြားသည်။

ခရီးသွား ဧည့်သည်များအကြား စတင်လူသိများလာပြီး ဒေသခံများအတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အရှိန်ရခါစဖြစ်လာသည့် နောင်ချိုတိမ်ပင်လယ်အနားယူ အပန်းဖြေစခန်းသည် ကိုဗစ်ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် ခရီးသွားရာသီအတွက်တော့ သူတို့ ဘာတွေပြင်ဆင်ထားပြီလဲ။ ဘာတွေမျှော်လင့်ထားပြီလဲ။ မျှော်လင့်ထားသလိုရော ဖြစ်လာမည်လား တွေးနေမိသည်။

Most Read

Most Recent